ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးကအဖော်အရမ်းမက်လို့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူးဆိုတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့အသုံးချကြည့်ဖို့ပြောပါရစေ။
အဖော်မက်တာက ကလေးတွေရဲ့သဘာဝ

ကလေးတိုင်းလိုလိုက အဖော်မင်ကြသူတွေပါပဲ။ တစ်ယောက်တည်းမွေးထားတဲ့ကလေးတွေနဲ့အကြီးတွေနဲ့အရမ်းကွာတဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးအဖော်မက်ကြပါတယ်။ အဖော်မက်တာက ပြဿနာမဟုတ်ပေမယ့် ကလေးက အဖော်မက်တာအရမ်းလွန်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံ၊ ခိုင်းဖက်ဖြစ်လာတာကတော့ ပြဿနာပါ။ မေမေတို့အနေနဲ့လည်း အရမ်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲလေ။ အဖော်မက်တဲ့ ကလေးလေးတွေက သူငယ်ချင်းတွေဘာပြောပြောခေါင်းညိတ်လုပ်ပေးလို့ သူ့ကိုခင်နေရင်ပြီးရောနေနေတာက အချိန်ကြာလာတဲ့အခါ ပြဿနာရှိလာနိုင်ပါတယ်။
ကလေးကအဖော်အရမ်းမက်တဲ့ပြဿနာကို ဒီလိုဖြေရှင်းပါ

လူဆိုတာ အပေါင်းအသင်းပတ်ဝန်းကျင်ရှိရမှာမှန်ပေမယ့် အကျိုးမပြုဘဲ အနိုင်ကျင့်တဲ့ ပတ်ဝန်းကျင်အခြေအနေကတော့ ကောင်းကျိုးထက် ဆိုကျိုးများလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်နေပြီဆိုရင်….

ကလေးကို အချိန်ပေးပါ

ကလေးတွေ အဖော်အရမ်းမက်ရတဲ့ ပြဿနာတစ်ခုက မိဘတွေက သူ့ကို အချိန်လုံလောက်အောင် မပေးနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နေ့စဉ် အချိန်ပေးနိုင်အောင်ကြိုးစားပေးပါ။

နားထောင်ပေးပါ

ကလေးတွေမှာလည်း ငယ်သေးလို့ တွေးပူတာမရှိဘူး၊ စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ ကလေးတွေမှာလည်း ရင်ဖွင့်ချင်တဲ့့ အကြောင်းအရင်းတွေရှိနေပါတယ်။ ဒါကြောင့် ကလေးရဲ့ အရင်းနှီးဆုံး ရင်ဖွင့်ဖော်က မေမေကိုယ်တိုင်ဖြစ်နေပါစေ။

ယုံကြည်မှုရှိအောင်မွေးပေးပါ

ကလေးကို လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ မျက်လုံးကိုကြည့်ပြီး ပြောတတ်အောင် လေ့ကျင့်ပေးပါ။ ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုပြည့်နေအောင်မွေးမြူပေးပါ။ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါတိုင်း ယုံကြည်မှုရှိနေတော့ ကလေးက အခြားကလေးတွေကို အောက်ကျခံပြီးပေါင်းနေတာမျိုးနည်းသွားနိုင်ပါတယ်။

နွေးထွေးစွာဆက်ဆံပါ

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတွေက အဖော်မင်ခဲကြပါတယ်။ ဒါကြောင့် ကလေးကို မေမေနဲ့ဖေဖေက ထွေးထွေးပိုက်ပိုက်ဆက်ဆံပေးပါ။

ပေါင်းသင်းဆက်ဆံတတ်အောင်သင်ပေးပါ

ပေါင်းသင်းဆက်ဆံမှုအရည်အချင်းက ကလေးရယ်၊ လူကြီးရယ်မှမဟုတ်ပါဘူး။ အရွယ်တိုင်းမှာရှိသင့်တာပါ။ ဒါကြောင့် ကလေးကို လူမှုပေါင်းသင်းဆက်ဆံရေးကောင်းအောင် သင်ကြားထားပေးပါ။ ကလေးကို မိသားစုထဲမှာလည်း လွတ်လွတ်လပ်လပ်ပြောဆိုခွင့်ပေးထားပါ။ နားမလည်တာကိုပြန်မေးခွင့်ပြုပေးပါ။

ကလေးကို အိမ်မွေးတိရစ္ဆာန် လေးမွေးပေးပါ

ကိုယ်ပိုင်အိမ်မွေးတိရစ္ဆာန်ရှိတဲ့ကလေးလေးတွေက အဖော်သိပ်မမက်တတ်ကြပါဘူး။ အကြောင်း ကသူ့မှာ ရင်ဖွင့်ဖော်၊ အတူကစားဖော်လေးရှိနေတာကိုး။ ဒါကြောင့် ကလေးကို ကာကွယ်ဆေးအပြည့်အစုံထိုးထားပြီးသား အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လောက်မွေးပေးတာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

ကလေးကို ကျောင်းလိုက်ပို့ပါ

ကလေးကို ကျောင်းလိုက်ပို့လို့ ကလေးရဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးရမှုရယူပါ။ ဒါကလည်း ကလေးကို သူငယ်ချင်းကောင်းတွေရစေပြီး အဖော်အရမ်းမက်တဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှာပါ။ ကလေးက သူငယ်ချင်းများလေလေ အဖော်အရမ်းမက်ပြီး အနိုင်ကျင့်ခံရနိုင်ခြေနည်းလေလေပါ။

ကလေးနဲ့အတူကစားပေးပါ

မေမေ၊ ဖေဖေတွေက ကလေးရဲ့ ပထမဆုံးသူငယ်ချင်းတွေဆိုတာမမေ့ပါနဲ့။ အချိန်မအားရင်တောင်မှာ ကလေးကို အချိန်ပေးပြီး အတူတူကစားပေးပါ။ ဖေဖေမေမေတို့နဲ့ အတူကစားနေရတာကြောင့် ကလေးက အခြားကလေးတွေနဲ့ဆော့ဖို့အချိန်နည်းသွားနိုင်ပါတယ်။

ကဲ ……အဖော်အရမ်းမက်တဲ့ သားသားမီးမီးလေးတွေကို အဖော်မက်တာကြောင့် အနိုင်ကျင့်ခံရမှုကနေ ကာကွယ်ရအောင်လား မေမေတို့ရေ………………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly