မီဒီယာကောင်စီဝင်တစ်ဦး၏ ငွေကြေးမမှန်မကန်ပြုလုပ်ဟု သတင်းထွက်ပေါ်မှုကို စုံစမ်းစစ်ဆေးနေ

မီဒီယာကောင်စီဝင်တစ်ဦး၏ ငွေကြေးမမှန်မကန်ပြုလုပ်ဟု သတင်းထွက်ပေါ်မှုကို စုံစမ်းစစ်ဆေးနေ

ရန်ကုန်၊ ဇွန် ၁ဝ ။            ။ သတင်းမီဒီယာကောင်စီဝင် အမျိုးသမီးတစ်ဦး၏ ငွေကြေးမမှန်မကန်ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် ကော်မတီဖွဲ့၍ မြန်မာနိုင်ငံ၊ သတင်းမီဒီယာကောင်စီက စတင်စုံစမ်းစစ်ဆေးနေသည်။

ဇွန် ၇ ရက်နေ့က ကော်မတီဖွဲ့ခဲ့ခြင်း ဖြစ်ပြီး သတင်းထောက်များအတွက် အင်္ဂလိပ်စာသင်တန်းကို မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) ရုံးတွင် ဖွင့်လှစ်ရာတွင် ကောင်စီဝင်အမျိုးသမီးတစ်ဦးက သင်တန်းအတွက် ငွေကြေးကို မမှန်မကန်ပြုလုပ်မှုများရှိနေကြောင်း သတင်းထွက်လာမှုကို စုံစမ်းစစ်ဆေးနေခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ယနေ့ ဇွန် ၁ဝ ရက်နေ့က မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့တာဝန်ရှိသူ ၃ ဦးကို ယင်းကိစ္စနှင့်ပတ်သက်ပြီး ကောင်စီမှ ခေါ်ယူမေးမြန်းခဲ့သည်။

“ဒီနေ့ကတော့ မေးမြန်းတာပဲ ရှိပါသေးတယ်။ ဘာမှတော့ ထူးခြားမှု မရှိသေးပါဘူး။ သိချင်တာကို မေးမြန်းတာပဲ ရှိပါသေးတယ်။ သူတို့ကလည်း သတင်းထုတ်ပြန်ထားတယ်ဆိုတော့ ဘာ့ကြောင့်ထုတ်ပြန်ထားတာလဲဆိုတာ မေးတာပါ” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ မီဒီယာကောင်စီဝင် ဦးကျော်ဇေယျက ပြောသည်။

၂ဝ၁၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် သင်တန်းအတွက် မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ ရုံးနေရာကို အသုံးပြုခွင့်ပေးခဲ့ခြင်းသာဖြစ်ပြီး သင်တန်းငွေကြေးသုံးစွဲမှုကို ပါဝင်ပတ်သက်မှု မရှိကြောင်း ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်ရာတွင် အင်္ဂလိပ်စာသင်တန်းအတွက် သင်တန်းဆရာမကို သင်တန်းကြေးပေးသည့် ငွေရှင်းဖြတ်ပိုင်း မိတ္တူတစ်စောင်အပါအဝင် သင်တန်းပြုလုပ်နေသော ဓာတ်ပုံ၊ တက်ရောက်စာရင်းသာ လက်ခံရရှိထားကြောင်း ဖော်ပြထားသည်။

“ထုတ်ပြန်ချက်ထုတ်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အဖွဲ့နဲ့ ပတ်သက်ပြီးတော့ အွန်လိုင်းမှာပဲ ဖြစ်ဖြစ်၊ သတင်းသမားတွေကြားမှာပဲ ဖြစ်ဖြစ် ပြောနေတာတွေ ရှိတယ်။ ဘာလဲဆိုတော့ ဒီအဖွဲ့ကနေ ကိုယ်စားပြုပြီး သွားတဲ့ ကောင်စီဝင်ကနေ အင်္ဂလိပ်စာသင်တန်းနဲ့ ပတ်သက်ပြီး ငွေကြေးပြဿနာ ဖြစ်နေတယ်လို့ ကြားတယ်။ အဲ့ဒါက လူမှုကွန်ယက်မှာလည်း ပျံ့လာတယ်။ သတင်းသမားတွေကြားမှာလည်း ပြောစရာဖြစ်လာတယ်။ အဖွဲ့ကပဲ ပါသလိုလို ပြောလာတယ်။ အဲ့အခါကြတော့ ကျွန်တော်တို့က ဒီဟာက သူ့ရဲ့ တစ်ဦး၊ တစ်ယောက် ကပေါ့။ အစထဲက ကျွန်တော်တို့ကိုရော၊ အဖွဲ့ကိုရော

အသိပေးခြင်း မရှိဘူး ” ဟု မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) ၏ အလုပ်အမှုဆောင်အဖွဲ့)င် မထက်ထက်က ပြောသည်။

စုံစမ်းရေးကော်မတီအနေနှင့် စုံစမ်းမေးမြန်းမှုများကို ၂ ပတ်အတွင်း ဆက်လက်လုပ်ဆောင်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အစီရင်ခံစာတင်ရမည် ဖြစ်ပြီး ကောင်စီမှ အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required