စျေးကွက်ကံစမ်းမဲကြော်ငြာအချို့ ကတိမတည်ပါက ယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားနိုင်ပြီ

စျေးကွက်ကံစမ်းမဲကြော်ငြာအချို့ ကတိမတည်ပါက ယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားနိုင်ပြီ
 နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲကိုဇွန် ၁၀ ရက်နေ့က ပြုလုပ်နေစဉ်။  ဓာတ်ပုံ-စီးပွား/ကူးသန်း

နေပြည်တော်၊ ဇွန် ၁ဝရက် ။         ။ စျေးကွက်အတွင်းရှိ ကံစမ်းမဲကြော်ငြာအချို့တွင် ပေးထားသည့် ကံစမ်းမဲ၊ ပေါက်မဲများအတိုင်း မဟုတ်ပါက မြန်မာနိုင်ငံ၊ ယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားနိုင်ကြောင်း ကော်မရှင်ဒုဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။

“ ဒါသည် မတော်တရားဖြစ်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာလည်း တိုင်လို့ရတယ်။ သက်ဆိုင်ရာမှာလည်း အခြားဥပဒေတွေနဲ့လည်းတိုင်လို့ရတယ်။ အဲဒီေတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးပြီးတော့ အဓိကတော့ စားသုံးသူရဲ့အကျိုးကို ထိခိုက်တယ်။ သဘောကတော့ သူတို့ရဲ့ကတိကဝတ်ကိုလည်းမတည်ဘူးဗျာ။ ပြောတဲ့စကားတွေက လေတစ်လုံးမိုးတစ်လုံးပြောပြီး တကယ်တမ်းမဖြစ်လာဘူးဆိုရင် ချိုးဖောက်တာပါ”ဟု ကော်မရှင်ဒုဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။

ယနေ့ ဇွန် ၁၀ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲတွင်  ပြောခဲ့ခြင်း ဖြစ်သည်။

ကံစမ်းမဲကိစ္စများနှင့်ပတ်သက်ပြီး စားသုံးသူအခွင့်အရေးကာကွယ်ရေးဌာနသို့လည်း တိုင်ကြားနိုင်ပြီး ယခု အသစ် ထပ်မံဖွဲ့စည်းထားသည့်ကော်မရှင်ထံသို့လည်း  တိုင်ကြားပြီး အရေးယူနိုင်ကြောင်း သိရသည်။

 “ကံစမ်းမဲဆိုတာ အခြားဥပဒေတွေနဲ့လည်း ညီကောင်းညီပါတယ်။ တိုင်လာတယ်ဆိုရင် ကျွန်တော်တို့က စုံစမ်းစစ်ဆေးပြီး ကျွန်တော်တို့ ဥပဒေဘောင်ထဲ ဝင်လာတယ်ဆိုရင် ကျွန်တော်တို့လည်း အရေးယူလို့ရတယ်။ တစ်ခြားဥပဒေနဲ့ဆိုရင်လည်း သူတို့ဆီ ပို့မှာပေါ့”ဟု ဦးသန်းမောင်က ဆိုသည်။

ကံစမ်းမဲကြော်ငြာများသည် အများပြည်သူ အကျိုးထိခိုက်ခြင်း၊ မမှန်မကန် ပြုလုပ်သည်များကို စစ်ဆေး တွေ့ရှိပါက  ကော်မရှင်အနေဖြင့် စီမံခန့်ခွဲမှုနည်းလမ်းအရ  လုပ်ငန်းကို ခေတ္တပိတ်သိမ်းခြင်း၊ အမြဲပိတ်သိမ်းခြင်း အပါအဝင် တရားစွဲဆိုခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်သည်ဟု သိရသည်။

ယင်းကြော်ငြာကိစ္စရပ်တွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ အားလုံးနှင့် သက်ဆိုင်ကြောင်းကို “ ဥပမာ တယ်လီဖုန်းကုမ္ပဏီကြီးက နိုင်ငံခြားက သုံးခုလောက် ရှိတယ်။ ပြည်တွင်းက တစ်ခု ရှိတယ်။ သူတို့က ပေါင်းပြီး ဒီစျေးကွက်ကြီးမှာ စျေးတွေ မတရားမြှင့်ထားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ညှိထားကြတယ်။ ဆိုင်တယ်။ နိုင်ငံခြားကုမ္ပဏီမို့လို့ တို့နိုင်ငံနဲ့ မဆိုင်ဘူးလို့ မရှိဘူး။ ဥပဒေမှာ မည်သူမဆိုလို့ပဲ တပ်တယ်”ဟု ဆိုသည်။

ယှဉ်ပြိုင်မှုဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ လမှ ၃ နှစ်ထိဖြစ်စေ၊ ကျပ် ၁ သိန်းမှ ကျပ် သိန်း ၁၅၀  ထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက အစိုးရပိုင်းမှ ၆ ဦး၊  ပုဂ္ဂလိက ပိုင်းမှ ၅ ဦး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

စားသုံးသူအများပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသည့် လုပ်ငန်းရှင်များအချင်းချင်း ဥပဒေနှင့် အညီ တရားမျှတစွာ ယှဉ်ပြိိုင်မှု မရှိခြင်း၊ ရောင်းသင့်ရောင်းထိုက်သည့် စျေးနှုန်းထက်ပိုမိုရောင်းချခြင်း၊ လျော့ရောင်းချခြင်း၊ စျေးကွက်အတွင်း ကုန်ပစ္စည်းတစ်ခုအပေါ် လက်ဝါးကြီးအုပ်ကာ စျေးကစားနေခြင်း စသည့်သူများကို တိုင်ကြားနိုင်ရန်အတွက် ကော်မရှင်ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly