သီပေါမြို့ ကားလမ်းဘေးတွင် အနားယူလှဲနေသည့်ပုံစံဖြင့် လူတစ်ဦး သေဆုံးနေမှု ဖြစ်ပွား

သီပေါမြို့ ကားလမ်းဘေးတွင် အနားယူလှဲနေသည့်ပုံစံဖြင့် လူတစ်ဦး သေဆုံးနေမှု ဖြစ်ပွား

ရန်ကုန်၊ ဇွန် ၁ဝ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာကြားရှိ  ကားလမ်းဘေး ရေမြောင်းအတွင်း အနားယူလှဲနေသည့်ပုံစံဖြင့် လူတစ်ဦး သေဆုံးနေသည်ကို ဇွန် ၉ ရက်နေ့ညနေက တွေ့ရှိခဲ့သည်ဟု နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက မဇ္စျိမကို ပြောသည်။

“ကျွန်တော်တို့ကို ဒီက ရဲစခန်းကနေ အကြောင်းကြားလာပါတယ်။ သီပေါမြို့နယ် စံလောင်းနဲ့ ကုံးမုံရွာကြား လမ်းဘေးမှာ လူတစ်ယောက်သေနေတယ်ပေါ့နော်။ အဲ့ဒါလေး သယ်ချင်လို့ ကူညီပေးပါဦး ဆိုလို့ သွားကြတာပေါ့။ ဟိုရောက်တော့ ရဲတို့၊ စခန်းမှူးတို့ အကုန်ရောက်နေတယ်ပေါ့နော်။ ကျေးရွာအုပ်ချုပ်ရေးမှူး တွေရော။ အဲ့အနီးနား ပတ်ဝန်းကျင်က ရွာတွေကို မေးကြည့်တော့လည်း  ရွာတွေက သူတို့ရွာက မဟုတ်ဘူးပေါ့နော်” ဟု သေဆုံးသူကို ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့သည့် နယ်စည်းမခြားပရဟိတအဖွဲ့ဥက္ကဋ္ဌ က ပြောသည်။

ယနေ့  ဇွန် ၁ဝ ရက်နေ့ နံနက်တွင် သေဆုံးသူ၏ ဓာတ်ပုံနှင့် သေဆုံးနေကြောင်း အွန်လိုင်းပေါ်တင်ခဲ့ရာမှ သေဆုံးသူ၏ မိဘများနှင့် အဆက်အသွယ်ရခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၁၆ နှစ်အရွယ် ကိုအောင်ဆန်းဦးဖြစ်ပြီး ကျန်းမာရေးမကောင်းသောကြောင့် ဆေးရုံ တက်နေစဉ် ဆေးရုံမှ ပျောက်ဆုံးသွားပြီး ယခုကဲ့သို့ သေဆုံးနေခြင်းကြောင်း သေသူ၏ မိဘများထံမှ သိရသည်။

“ကောင်လေးကတော့ ကျန်းမာရေးမကောင်းလို့ ဆေးလာကုတာပေါ့။ ကျွန်တော်တို့ မြင်တာကတော့ ပြင်ပဒဏ်ရာ ဘာမှ မရှိပါဘူး။ ဒီနေပူထဲမှာလည်း ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ အမြင်မှာတော့ နေပူလို့ မဲနေတာလား။ လျှောက်သွားရင်းပဲ အသားမဲနေတာလားပေါ့။ ဒါပဲ ကျွန်တော်တို့ သိတာပေါ့” ဟု ၄င်းက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် သေဆုံးသူသည် အနားယူလှဲနေသည့်ပုံစံဖြင့် သေဆုံးနေသည်ကို လူအများက သုံးစွဲသူများအကြား အချင်းချင်းမျှဝေခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ သေဆုံးမှုအတွက် သေမှုသေခင်းနှင့် အမှုဖွင့်ထားခဲ့ပြီး သေဆုံးသည့်အကြောင်းအရင်းကို ယနေ့ ညနေပိုင်းအထိ မသိရသေးကြောင်း ၄င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly