အိန္ဒိယတွင် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မကျင့်သတ်ဖြတ်မှုဖြင့် လူ ၆ ဦးအား ပြစ်ဒဏ်ချမှတ်တော့မည်

အိန္ဒိယတွင် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မကျင့်သတ်ဖြတ်မှုဖြင့် လူ ၆ ဦးအား ပြစ်ဒဏ်ချမှတ်တော့မည်

ဇွန် ၁၀ ။           ။ ယမန်နှစ်က အိန္ဒိယမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ ခြောက်ဦးဟာ အမှန်တကယ် အပြစ်ရှိတယ်ဆိုပြီး ဇွန်လ ၁၀ ရက် တရားရုံးမှာ စစ်ဆေးပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါအမှုနဲ့ပတ်သက်လို့ ၎င်း တရားခံ ခြောက်ဦးအား စီရင်ချက် ချမှတ်သွားတော့မှာဖြစ်ပါတယ်။

အိန္ဒိယမှာတော့ မိန်းကလေးငယ်တွေ၊ အထူးသဖြင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု  ဖြစ်စဉ်ဖြစ်ပွားမှု ထူပြောနေခဲ့ပြီး အထက်ပါ မွတ်ဆလင် မိန်းကလေးငယ် ကျူးလွန်ခံရတဲ့ဖြစ်စဉ်ကတော့ နိုင်ငံတစ်ဝှမ်း ဒေါသအမျက်ခြောင်းခြောင်း ထွက်စေခဲ့ပါတယ်။

ဒါ့အပြင် ကလေးသူငယ် လိင်မုဆိုးတွေကို သေဒဏ်ချမှတ်ဖို့ကိုလည်း အစိုးရဘက်က စီစဉ်မှုတွေ လုပ်ဆောင်လာစေခဲ့ရပါတယ်။

ယခု အမှုမှာတော့ ယမန်နှစ် ဇန်နဝါရီလ ၁၀ ရက်တုန်းက ရွှေ့ပြောင်းနေထိုင်သူ မွတ်ဆလင်မျိုးနွယ်စုတစ်စုက မိန်းကလေးငယ်တစ်ဦး နေအိမ်ကနေ အပြင်ထွက်ကာ မြင်းထိန်းသွားနေစဉ် လူတစ်စုရဲ့ ပြန်ပေးဆွဲခေါ်ဆောင်မှုကို ခံခဲ့ရပါတယ်။ သူမဟာ နိုင်ငံမြောက်ပိုင်း ကက်သူအာ ခရိုင်က ကျေးရွာတစ်ရွာကို ခေါ်ဆောင်ခံခဲ့ရပါတယ်။

ယင်းနောက် သူမကို ပြန်ပေးဆွဲသူတွေက စိတ်ငြိမ်ဆေးတိုက်ပြီး ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းမှာ ချုပ်နှောင်ထားတယ်လို့ဆိုပါတယ်။ ယင်းနောက် သူမကို အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ် နှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ယခုအခါ ယင်းအမှုနဲ့ပတ်သက်လို့ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ ဟိန္ဒူအမျိုးသား ခြောက်ဦးကို အပြစ်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီ ဖြစ်ပါတယ်။

၎င်း လူခြောက်ဦးကိုတော့ မကြာခင် ပြစ်ဒဏ်တွေ ချမှတ်တော့မယ်လို့ တရားလိုရှေ့နေ မူဘင်း ဖာရိုကွေးက ပန်ဂျပ် ပြည်နယ် အထူးတရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

၎င်း တရားခံတွွှေအနေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ အများဆုံး သေဒဏ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။

ယင်း အမှုမှာ ခုနစ်ယောက်မြောက်အဖြစ် စွပ်စွဲခံထားရသူတစ်ဦးကတော့  တရားသေလွတ်သွားခဲ့ပြီး ရှစ်ဦးမြောက် တစ်ဦးကတော့ အသက်မပြည့်သေးတဲ့အတွက် သီးခြား စစ်ဆေးမှုနဲ့ ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly