ဆရာတော် ဦးဝီရသူအတွက် လမ်းလျှောက်ဆုတောင်းပွဲ ရန်ကုန်တွင် ထပ်မံ ပြုလုပ်

ဆရာတော် ဦးဝီရသူအတွက် လမ်းလျှောက်ဆုတောင်းပွဲ ရန်ကုန်တွင် ထပ်မံ ပြုလုပ်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၁၀  ။         ။ ဖမ်းဝရမ်း ထုတ်ခံထားရသည့် မဘသ ဆရာတော် ဦးဝီရသူအတွက်  စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲ တစ်ရပ်ကို ဇွန် ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ရာဂဏန်းခန့်ရှိသော ရဟန်းနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ ကြေးသွန်းဘုရားအရှေ့မှ စတင်ပြီး မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆုတောင်းခဲ့ကြသည်။

" ဦးဇင်းတို့ ခေတ်အဆက်ဆက် ၊ အစိုးရအဆက်ဆက် ဦးဇင်းတို့တိုင်းပြည်မှာ သာသနာအဆက်ဆက်မှ သံဃာတော်တွေက အမှန်တရားဘက်မှ ရပ်တည်ခဲ့ပါတယ်။ အခုအချိန်မှ ဗုဒ္ဓသာသနာနဲ့ ပတ်သက်တဲ့ နေရာတွေမှ ဖိနှိပ်ချုပ်ချယ်တာတွေကို ဒကာကြီးတို့ မီဒီယာတွေအားလုံး သိပါတယ်။ လူမှုကွန်ယက် စာမျက်နှာတွေမှာ သူတို့ကို ထောက်ခံရင် ဘယ်လိုခေါ်မလဲ သူတို့ရဲ့ ဘုန်းဘုန်း ၊ မထောက်ခံရင်တော့ ကတုံးလို့ ပြောမယ်။ အရေခြုံလို့ ပြောမယ်။ သံဃာအတုလို့ပြောမယ်။ ဒါပာာ နိုင်ငံ တစ်နိုင်ငံရဲ့ အစိုးရရဲ့ပေါ်လစီကို ပြည်သူတွေကလိုက်ကြတာ များတယ်။ အစိုးရရဲ့လေသံကို လိုက်ကြတာ များတယ်။ အခု သံဃာတော်တွေပာာ နိုင်ငံတော်အတွက် အမျိုးဘာသာ၊သာသနာအတွက် မရပ်တည်ရဲလောက်အောင် ဖြစ်နေတယ်” ဟု မျိုးချစ်သမဂ္ဂ(ရန်ကုန်)မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အရှင်တေဇဝံသက မိန့်သည်။

မေ ၅ ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို တရားရုံးမှ လက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီး ဇွန် ၄ ရက်ကို ဖမ်းဝရမ်း နောက်ဆုံး ရက်အဖြစ် သတ်မှတ်ထားသည်။

လတ်တလော ဦးဝီရသူကို ရာဇဝတ်အထွေထွေအမှုဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက ထပ်တိုး အမှုဖွင့်ထား ပြီး ဦးဝီရသူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

  

ရာချီသည့်လူများ ၊ ရဟန်းများက ကြွေးကြော်သံများ ဖြင့်လမ်းတလျှောက်တွင် “ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊  ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါစေ၊ ဗုဒ္ဓသာသန အန္တရာယ်များ ကင်းဝေးပါစေ၊ ဆရာတော် ဦးဝီရသူ ဘေးရန်ကင်းပါစေ၊ ဆရာတော် ဦးဝီရသူ စိတ်ဆင်းရဲကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ ဗုဒ္ဓသာသနာ နှင့်သံဃာတော်များဖိနှပ်ချုပ်ခြယ်ခံရခြင်းမှ ကင်းဝေးကြပါစေ၊ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသည့် အချက် ၈ ချက်ဖြင့် ကြေးသွန်းဘုရားရှေ့မှ မြို့တော်ခန်းမအရှေ့ထိ ကြွေးကြော်လမ်းလျှောက်ဆုတောင်းခဲ့ကြသည်။

ဆက်လက်ပြီး အရှင်တေဇဝံသ က "  စီမံခန့်ခွဲမှု ညံံ့ဖျင်းတယ်။ အမှားအယွင်းတွေကို ဆရာတော်က လက်မခံလို့ ဓမ္မစက်နဲ့ ခေါ်ယူတာကို စောင့်နေတာဖြစ်ပါတယ်။ အစိုးရကိုလည်း ပြောလိုက်ပါတယ်။ စီမံခန့်ခွဲမှု ကို ဒီ ဥပဒေဘောင်အတွင်းကနေ တစ်ဆင့်ချင်းစီ သွားဖို့လိုပါတယ် " ဟု ဦးဝီရသူနှင့် ပတ်သက်ပြီး မိန့်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required