ကျောက်တန်းရွာပစ်ခတ်မှု လူ့အခွင့်အရေးကော်မရှင်၏အစီရင်ခံစာ သမ္မတထံတင်သွင်း

ကျောက်တန်းရွာပစ်ခတ်မှု လူ့အခွင့်အရေးကော်မရှင်၏အစီရင်ခံစာ သမ္မတထံတင်သွင်း

ရန်ကုန် ၊ ဇွန် ၁၀ ။            ။ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းရွာ ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်၏ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို ဇွန် ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္စျိမသို့ ပြောသည်။

“သမ္မတရယ် ၊ ကာကွယ်ရေးဝန်ကြီးဌာနရယ် ၊ ပြည်ထဲရေးရယ်ကို အစီရင်ခံစာ ပေးခဲ့တယ်။ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မနက်ဖြန် (ဇွန် ၁၁) လောက်ကိုတော့ အများပြည်သူသိအောင် ထုတ်ပြန်ပေးမှာပါ” ဟု ဦးယုလွင်အောင်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် တပ်မတော်မှ ကျောက်တန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာအတွင်းရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စုစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး အသက် ၁၅ နှစ်မှ ၅၀ နှစ် အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား ကျေးရွာစာသင် ကျောင်းတွင် ထိန်းသိမ်းထားရှိကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ နံနက်အစောပိုင်း၌ ထိန်းသိမ်းထားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းခံထားရသူများထဲမှ ၆ ဦးသေဆုံးခဲ့ကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ ကျောက်တန်းကျေးရွာသို့ မေလ ၂၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ်က ကျောက်တန်းကျေးရွာ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်တပ်ရင်းမှ တပ်ရင်းမှူးနှင့် အရာရှိစစ်သည်ရှစ်ဦး အပါအဝင် သေဆုံးသူများ၏ မိသားစုဝင် ၁၁ ဦးတို့ကိုလည်း တွေ့ဆုံကာ ဖြစ်စဉ်အခြေအနေများကို မေးမြန်းခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မေလ ၃၁ ရက်နေ့တွင်သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကမူ ထိန်းသိမ်းခံထားရသူများမှ လုံခြုံရေး တပ်ဖွဲ့ များကို အန္တရာယ်ပြုလာသည့် အနေအထား ဖြစ်သောကြောင့် ပစ်ခတ်လူစုခွဲခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေဆိုထားသည်။

ယင်းဖြစ်စဉ်အပေါ် လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးခဲ့ပြီး တပ်မတော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေခြင်းများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly