စျေးကွက်အတွင်း ကုန်ပစ္စည်းတစ်ခုအပေါ် လက်ဝါးကြီးအုပ် စျေးကစားနေသူများကို တိုင်ကြား နိုင်မည်

စျေးကွက်အတွင်း ကုန်ပစ္စည်းတစ်ခုအပေါ် လက်ဝါးကြီးအုပ် စျေးကစားနေသူများကို တိုင်ကြား နိုင်မည်

နေပြည်တော်၊ ဇွန်လ ၁၁၊ ။            ။ စျေးကွက်အတွင်း ကုန်ပစ္စည်းတစ်ခုအပေါ် လက်ဝါးကြီးအုပ်ကာ စျေးကစားနေသူများကို တိုင်ကြား နိုင်တော့မည်ဖြစ်ကြောင်း ဇွန်လ ၁ဝရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟော်တယ်တွင် ပြုလုပ်သည့် ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

စားသုံးသူ အများပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ဥပဒေနှင့် အညီတရားမျှတစွာယှဉ်ပြိုင်မှု မရှိခြင်း၊ ရောင်းသင့်ရောင်းထိုက်သည့် စျေးနှုန်း ထက် ပိုမိုရောင်းချခြင်း၊ လျော့ရောင်းချခြင်း တို့ကြောင့် ပုံမှန်ရောင်းချနေသူများအတွက် ထိခိုက်စေ မည့် စသည့် အကြောင်းအရာအများအပြားကို ယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားနိုင်မည်ဖြစ်သည်။

 “ကိုယ့်အချင်းချင်း မတော်မတရား အခွင့်အရေးယူတာတွေ ၊ စျေးကွက်လက်ဝါးကြီး အုပ်တာတွေ၊ စျေးကစားတာတွေ နောက်တင်ဒါတွေ ဘာတွေမှာ စျေးညှိပြီးတော့ ပြိုင်တာတွေ၊ နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် ပေါ့နော် တိုက်ခိုက်ပုတ်ခတ်တာတွေ၊ နောက်တစ်ခုက စာချုပ်စာတမ်း တွေနဲ့ လုပ်ထားတဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေ ကျွမ်းကျင်သူတွေကိုသွေးဆောင် ဖျားယောင်း ပြီးတော့ ကိုယ့်ဘက်ကို ပါအောင်လို့ မတော်တရားလုပ်တာတွေပေါ့နော်။ အဓိကကတော့ ဒီ  တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေးလုပ်တယ်ဆိုတော့ သမာအာဇီဝ ယှဉ်ပြိုင်ကြပါ။ နည်း လမ်းမျှတတဲ့ Fair competition  နဲ့ လုပ်ကြပါ”ဟု ယှဉ်ပြိုင်မှုကော်မရှင်မှ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းမောင်ကပြောသည်။

ထိုကဲ့သို့  လုပ်ဆောင်မှုများမရှိပါက တိုင်ကြားလာမှု (သို့) ကော်မရှင်မှ သတင်းရကာ စုံစမ်း စစ်ဆေးပြီးပေါ်ပေါက်လာပါက စီမံခန့်ခွဲမှု နည်းလမ်းအရ  ဒဏ်ငွေရိုက်ခြင်း၊  လုပ်ငန်းကိုယာယီ (သို့မဟုတ်) အမြဲတမ်းပိတ်သိမ်းခြင်းမျိုးကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

“သိပ်ဆိုးဆိုး ရွားရွားဖြစ်လာလို့ ဥပဒေ ချိုးဖောက်တာတွေ ဘာတွေ ဖြစ်လာတဲ့အဆင့်ဖြစ်ရင်လည်း ကျွန်တော်တို့ ဥပဒေအရ အရေးယူတာလည်းရှိမယ်။ အခြားသီးခြားဥပဒေအရ အရေးယူလို့ရမယ့် ကော်မရှင်တွေ၊ ကော်မတီတွေကို ကျွန်တော်တို့ လွှဲကောင်း လွှဲမယ်။ဌာနတွေကို လွှဲကောင်းလွှဲမယ်။ အဲ့လို တရား ရုံးဘက်ကို အရေးယူမယ်ဆိုရင်တော့ ကျွန်တေ်ာတို့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတဲ့ အဆင့်ကိုရောက်မယ်”ဟု ဦးသန်းမောင်က ဆက်ပြောသည်။

အာဆီယံနိုင်ငံများတွင် Cambodia နိုင်ငံတစ်ခုကလွဲ၍ အခြားနိုင်ငံများတွင် ယှဉ်ပြိုင်မှု ဥပဒေကို ကျင့်သုံးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတွင် အဆိုပါ ဥပဒေကို  ၂၀၁၅ခုနှစ်တွင် စတင် ပြဋ္ဌာန်း ပြီးနောက် ၂၀၁ရခုနှစ်၌ ဥပဒေအသက်စဝင်ခဲ့ကြောင်း သိရသည်။  မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင် ကို ၂၀၁၈ခုနှစ် အောက်တိုဘာလတွင် အစိုးရပိုင်းမှ ပုဂ္ဂိုလ် (၆)ဦး၊  ပုဂ္ဂလိကပိုင်းမှ(၅) ဦး စုစုပေါင်း ၁၁ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကော်မရှင်သည် စီးပွားရေးလုပ်ငန်းရှင်များ ယှဉ်ပြိုင်ရာမှာ လွတ်လပ်မျှတသည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်၊ သတ်မှတ်ထားသည့် ဥပဒေဘောင်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ ရောင်းဝယ် ဖောက်ကားမှုကို လုပ်ဆောင်ရန်အတွက် လိုအပ်သည်ဟု စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က အဖွင့်မိန်းခွန်းမှာ ထည့်သွင်းပြောကြားခဲ့သည်။

“ယှဉ်ပြိုင်မှု ကော်မရှင်အနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်မှု လေးစားလို်က်နာမှု အားကောင်းစေရေးအတွက် စီမံဆောင်ရွက်ဖို့လိုအပ်သလို စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း ယှဉ်ပြိုင်မှု ဥပဒေကို လေးလေးစားစားနဲ့ လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။ တရားမျှတမှုကို အဟန့်အတားဖြစ်စေတဲ့ အခြေအနေတွေကို မဖြစ်ရအောင် ယှဉ်ပြိုင်မှု ကော်မရှင် အနေဖြင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၄င်းကပြောကြားသည်။

စျေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိပါက ပြစ်မှုထင်ရှားလျှင်  ဥပဒေအရ ထောင်ဒဏ် (၃)လမှ (၃)နှစ်အထိ ဖြစ်စေ၊ ကျပ်(၁)သိန်းမှ ကျပ်သိန်း(၁၅၀)ထက် မပိုသောငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly