တတိယနှစ်ကျောင်းသူ အသတ်ခံရမှု ၅ လကျော်သည်အထိ သံသယရှိသူကို ဖမ်းမမိသေး

တတိယနှစ်ကျောင်းသူ အသတ်ခံရမှု ၅ လကျော်သည်အထိ သံသယရှိသူကို ဖမ်းမမိသေး

ရန်ကုန်၊ ဇွန် ၁၀ ။             ။ ဧရာဝတီတိုင်းမှ လှိုင်သာယာမြို့နယ်သို့ ရောက်ရှိလာပြီး အလုပ်လာရောက်ရှာဖွေခဲ့သည့် မြန်မာစာ တတိနှစ်ကျောင်းသူ မဥမ္မာခိုင်သေဆုံးမှုအတွက် အဓိကသံသယရှိသူမှာ ၅လကျော်သည် အထိ ထွက်ပြေးလွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ သေဆုံးမှုအတွက် လှိုင်သာယာမြို့မရဲစခန်းနှင့် တောင်ဥက္ကလာမြို့မရဲစခန်းတို့တွင် အမှုဖွင့် ထားသောကြောင့် ရဲတပ်ဖွဲ့မှစုံစမ်းနေသော်လည်း သံသယရှိသူ မျိုးမြင့်အောင်မှာ ယခု အချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း တောင်ဥက္ကလာပရဲစခန်းမှူး ဒုရဲမှူးရွှေဌေးက အတည်ပြု ပြောသည်။

“ တရားခံကိုအမြန်ဖမ်းမိစေချင်တယ်။ အားလုံးသိရှိစေချင်တယ်။ သူကိုဖမ်းမိမှသာလျှင် နောက်ထပ် ဖြစ်လာမယ့် သူပဲသတ်ပြစ်သလား။ သူများပဲသတ်ပြစ် သလားဆိုတာ အစစအရာရာပေါ်လာမယ်” ဟု သေဆုံးခဲ့ရသူ၏ ဖခင် ဦးသောင်းညွှန့်ကပြောသည်။

အဓိကသံသယရှိသူ မျိုးမြင့်အောင်မှာ အခင်းစတင်ဖြစ်ပွားခဲ့သည့်နေ့မှစ၍ ၎င်းနေထိုင်သည့် အင်းစိန် အိမ်တွင်မရှိတော့ဘဲ ထွက်ပြေးတိမ်း ရှောင်သွားခြင်းဟုလည်း ၎င်းကဆိုသည်။

 “ ရှေ့ဆက်ပြီးဘာလုပ်ရမလဲဆိုရင်တော့ အမှုအမှန်ပေါ်အောင် ဘယ်သူကို အကူအညီ တောင်းရမလဲ လို့ပဲ ဦးလေးအနေနဲ့သိတယ်။ ကျန်တာတော့ ဦး လေးအနေနဲ့ ဘာကိုမှမသိပါဘူး။ မလုပ်တတ်ပါဘူး။ တောသူ၊ တောင်သားတွေပဲ လယ်သမားတွေဖြစ်တဲ့အတွက်” ဟု ဦးသောင်းညွှန့်ကပြောသည်။

ဖြစ်စဉ်မှာ သေဆုံးသူ မဥမ္မာခိုင်သည် အလုပ်ရှာရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ လှိုင်သာယာမြို့နယ်သို့လာရောက်ပြီး သူငယ်ချင်းဖြစ်သူ မမေသူခိုင်နှင့် အတူ နေထိုင်ခဲ့သည်။

ထို့နောက် မဥမ္မာခိုင်၏ ငယ်သူငယ်ချင်း မျိုးမြင့်အောင်က ဇန်နဝါရီလ ၃ ရက်နေ့ ညတွင် အလုပ် ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် ပါရမီဘူတာနှင့် ကန်ဘဲ့ဘူတာကြား ရထားလမ်းဘေးတွင် အဓမ္မပြုကျင့်ခံရပြီး မျက်နှာမီးရှို့ ဖျက်ဆီး ခံရကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

တောင်ဥက္ကလာပ ရဲစခန်းမှူး၏ပြောပြချက်အရ သေဆုံးသူကိုတွေ့ရှိသည့်အချိန်၌ အလောင်းမှာ ပုပ်ပွနေသည့်အတွက် မှုခင်းဆရာဝန်မှစစ်ဆေးသော်လည်း မည်သည့်ဒဏ်ရာဖြင့်သေဆုံးသည်ကို အတိအကျအဖြေပေးနိုင်ခြင်းမရှိခဲ့ဟုဆိုသည်။

ထို့ကြောင့် သံသယတရားခံဖြစ်သူ မျိုးမြင့်အောင်အား စစ်ဆေးပြီးသည့်အချိန်မှသာ ဥပဒေအကြံပေး တောင်း၍ အမှုအားဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုရဲမှူးရွှေဌေးကဆိုသည်။

“ ကျွန်တော့်အထင်တော့ ဖမ်းမယ်ဆိုရင်တော့မိမယ်ထင်တာပဲ။ မဖမ်းလို့ပဲ မမိသလားမသိဘူးဗျာ။ ဘာလို့လဲဆိုတော့ ဒီလောက် အတိုင်းအတာရှိနေတဲ့ဟာကို စစ်ဆေးမေးမြန်းတာ ကျကျနန ဆိုရင် တော့ နိုင်ငံတော်တာဝန်ရှိသူ လိုက်လံရှာဖွေရင်တော့ တွေ့ရှိလိမ့်မယ်လို့တော့ ထင်တာပေါ့” ဟု သေဆုံးခဲ့ရသူ၏ ဖခင် ဦးသောင်းညွှန့်က ပြောသည်။

မဥမ္မာခိုင် စတင်ပျောက်ဆုံးခဲ့ပြီးနောက် ၁၀ ရက်ခန့်အကြာတွင် ဖခင်ဖြစ်သူမှ ရန်ကုန်သို့ လာရောက် ကာ လှိုင်သာယာမြို့မရဲစခန်းတွင် လူပျောက်မှု ၃၆၆ (ပ-၁၀၃/၂၀၁၉)ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် အမှုဖွင့်ထားခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖခင်ဖြစ်သူက မဥမ္မာခိုင် ၏အလောင်းကို စံပြဆေးရုံတွင် တွေ့ရှိပြီးနောက် တောင်ဥက္ကလာမြို့မရဲစခန်းတွင် လူသေမှု ၃၀၄(ပ-၈၃၈/၂၀၁၉)ဖြင့် အမှုဖွင့်ထား ခဲ့ကြောင်း သိရသည်။

သို့သော်လည်း သံသယရှိသူ မျိုးမြင့်အောင်ကို ရဲတပ်ဖွဲ့မှစုံစမ်းနေပြီး ၅ လကျော်ကြာသည် အထိ ဖမ်းဆီးစစ်ဆေး နိုင်ခြင်းမရှိသေးခြင်း လည်းဖြစ်သည်။

ထို့ကြောင့် ဖခင်ဖြစ်သူမှ မျိုးမြင့်အောင်မှာ လူသတ်၊ မုဒိန်းကျင့်၊ လုယက်၊ အလောင်းဖျောက် ပြစ်မှု ကျူးလွန်သည်ဟုဆိုကာ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲချုပ်တို့ထံစာ ပေးပို့တိုင်ကြား ခဲ့ကြောင်း လည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly