ပွင့်ဖြူမှ ချို့တဲ့သော ငါးဘာသာဂုဏ်ထူးရှင်ပို့စ်မှာ ယမန်နှစ်က ဖြစ်ကြောင်း ကူညီဆောင်ရွက်ခဲ့သူ ဆို

ပွင့်ဖြူမှ ချို့တဲ့သော ငါးဘာသာဂုဏ်ထူးရှင်ပို့စ်မှာ ယမန်နှစ်က ဖြစ်ကြောင်း ကူညီဆောင်ရွက်ခဲ့သူ ဆို
ထူးချွန်သူ မမေသန္တာလွင် နှင့် ကူညီဆောင်ရွက်ပေးသူ ဦးဝင်းမြိုင်သန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ဦးဝင်းမြိုင်သန်း

မကွေး၊ ဇွန် ၁၀ ။            ။ အွန်လိုင်းပေါ်တွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှ ချို့တဲ့သော ဂုဏ်ထူး ၅ ဘာသာရှင်မှာ ယမန်နှစ်က ပို့စ်ဖြစ်ပြီး လက်ရှိတွင် ဆေးကျောင်းတက်ရောက်နေကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူ ဦးဝင်းမြိုင်သန်းထံမှ သိရသည်။

“ ကလေးမပို့စ်ကို ဒီနှစ် ဆယ်တန်းအောင်စာရင်း ထွက်ပြီ။ ဘယ် မီဒီယာကများ ဖွလိုက်တယ် မသိဘူး။ မနှစ်က ကျွန်တော်တို့ အကူညီတောင်းထားတဲ့ပို့စ်ပါ။ ကလေးက အလှူရှင်ပေါ်လို့ ကျောင်းတက်နေတာ ပထမနှစ် ဆေး ၊ Second Semester တောင် ရောက်နေပါပြီ” ဟု ဦးဝင်းမြိုင်သန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်၊ ဇီးကိုင်းကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာနေ ဦးမြင့်ထွန်း +ဒေါ်နုနုစိန် (ကျဘမ်းလုပ်ကိုင်)တို့၏ သမီး မေသန္တာလွင်သည် ၂၀၁၈ခုနှစ် မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်အထက်တန်းကျောင်း. မ ှ(ဖဋ-၁၅၅) ဂုဏ်ထူး ၅ ဘာသာ ၊အမှတ်ပေါင်း ၅၁၇ မှတ်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဆေးကျောင်းတက်ရန် အခက်အခဲဖြစ်နေ၍ ဦးဝင်းမြိုင်သန်းက ၂၀၁၈ ခုနှစ်က ဖေ့ဘွတ်ခ်ပေါ်တွင် တင်၍ အကူညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

“ ဆေးကျောင်းတက်ရန် အခက်အခဲဖြစ်နေ၍ ကျွန်တော် အကူညီတောင်းခံခဲ့တဲ့ပို့စ် ဖြစ်ပါတယ်၊ ယခု ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နေတဲ့ သမီးလေး မေသန္တာလွင်ထွန်းပို့စ်ဟာ ဒီနှစ်ဆယ်တန်းအောင်တဲ့ပို့စ် မဟုတ်ပါဘူး” ဟု ဗိမာန်ရှင်အဝေးရောက်အမှုဆောင် ပွင့်ဖြူမြို့နယ်နေ ဦးဝင်းမြိုင်သန်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၈ ရက်က ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထွက်အပြီး ချို့တဲ့သော ငါးဘာသာဂုဏ်ထူးရှင် ဆေးကျောင်းတက်ရန် အခက်အခဲ ဖြစ်နေကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။

ထူးချွန်သူ မမေသန္တာလွင် ဆေးကျောင်းတက်ရောက်ရန် အလှူရှင်များဖြစ်သော မန္တလေး TTH Group မှ လစဉ် ကျပ် တစ်သိန်း၊ Teresa Ohn မှ တစ်လ ငါးသောင်း ကျပ် စုစုပေါင်း တစ်လ တစ်သိန်းခွဲကျပ်ဖြင့် ထောက်ပံ့မှုဖြင့် ဆေးကျောင်းတက်နေကြောင်း သိရသည်။

“ ဒါ့အပြင် ကလေးအိမ်ကို အသစ်တဖန်ပြင်ပြီးတဲ့အပြင် ရေမီးအစုံ တပ်ဆင်ပြီးပါပြီ။ မိဘတွေ တင်ရှိခဲ့သောကြွေးမြီများလည်း အကြေအပြေ ဆပ်ပြီးပါပြီ။ မိဘတွေအတွက် ကျပ်သိန်း၅၀ လှူဒါန်းတဲ့အပြင် ကလေး အတွက် ကျပ်သိန်း ၅၀ ဘဏ်မှာ ထားရှိပါတယ်။ အလှူရှင်များကတော့ ဦးအောင်မိုး၊ ဒေါ်သက်သက ်ရန်ကုန်မှ သိန်းတစ်ရာ လှူဒါန်းခြင်း ဖြစ်ပါတယ်။ ကလေးအတွက် စိတ်ပူပေးကြတကျေးဇူးတင်ပါတယ်ဟု” ဦးဝင်းမြိုင်သန်းက ဆိုသည်။

ကလေးအမှတ်စာရင်း ကိုသေချာကြည့်ရင်သိနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်ပါ။ မနေ့ တစ်နေ့က အောင်စာရင်းထွက်ခဲ့တယ်။ ထွက်တဲ့နေ့ပဲ ကလေးပို့စ် တက်လာတာ စိတ်မကောင်းစရာပါ။ အောင်စာရင်းထွက်တဲ့နေ့ ဘယ်လိုလုပ် အမှတ်စာရင်းစာရွက် ရမလဲဗျာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လုံးဝအလှူမခံကြောင်း၊ အလှူရှင်များ ပေးအပ်မှုဖြင့် ပြည့်စုံကြောင်းကို အများပြည်သူသို့ သိစေချင်ကြောင်း ၎င်းတို့ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly