ရုရှလေယာဉ်များကျူးကျော်ခဲ့သော တူရကီကို ကာကွယ်ရေးတပ်များစေလွှတ်ရန် ပြင်ဆင်နေဟု နေတိုးအကြီးအကဲပြောကြား

ရုရှလေယာဉ်များကျူးကျော်ခဲ့သော တူရကီကို ကာကွယ်ရေးတပ်များစေလွှတ်ရန် ပြင်ဆင်နေဟု နေတိုးအကြီးအကဲပြောကြား

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၈ ။        ။ ဆီးရီးယားတွင် ဗုံးကြဲတိုက်ခိုက်နေသော ရုရှဂျက်တိုက်လေယာဉ်များ တူရကီလေပိုင်နက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် မဟာမိတ်ကို ကာကွယ်ရန် တူရကီသို့ တပ်ဖွဲ့များစေလွှတ်ရန် ပြင်ဆင်နေကြောင်း နေတိုးက ပြောကြားသည်။

လူ ၂၅၀,၀၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်သော ပြည်တွင်းစစ်ကို အရှိန်မြင့်စေသည့်အတွက်လည်း ဗြိတိန်က မော်စကိုကို ပြစ်တင်ဝေဖန် ခဲ့သည်။

သီတင်းပတ်အကုန်က ဆီးရီးယားမြောက်ပိုင်းအနီး တူရကီ၏ လေပိုင်နက်ထဲသို့ ရုရှလေယာဉ်များကျူးကျော်ခဲ့မှုအပေါ် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ အရာရှိများက ယခုအချိန်အထိ စိတ်အနှောက်အယှက်ဖြစ်နေဆဲဖြစ်သည်။

ဆီးရီးယားအကျပ်အတည်းနှင့် ပတ်သက်၍ နေတိုးကာကွယ်ရေးဝန်ကြီးများ ဘရပ်ဆဲလ်တွင် စည်းဝေးလျက်ရှိသည်။ "ဘယ်လိုခြိမ်းခြောက်မှုပဲဖြစ်ဖြစ် တူရကီ အပါအဝင် မဟာမိတ်အားလုံးကို ကာကွယ်ဖို့ အသင့်ရှိသလို ကာလည်းကာကွယ်နိုင်တယ်"ဟု နေတိုးအတွင်းရေးမှူးချုပ် ဂျဲန်စ်စတိုလ်တင်ဘာ့ဂ်က အစည်းအဝေးသို့လာရောက်စဉ် သတင်းထောက်များ သို့ပြောကြားခဲ့သည်။

နေတိုးသည် တူရကီသို့ တပ်များချရန် အသင့်ဖြစ်မှု၊ စွမ်းဆောင်ရည်ကိုမြင့်တင်မှုတို့ဖြင့် တုံ့ပြန်လိုက်ပြီဟု ၎င်းကဆိုသည်။ ထို့အပြင် ရုရှ၏ လေကြောင်းတိုက်ခိုက်မှု၊ ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှု များသည် စိုးရိမ်စရာအကြောင်းများဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးအကြိမ်အဖြစ် ရုရှနှင့် အမေရိကန်လေယာဉ်များသည် နိုင်ငံတစ်ခုတည်းတွင် တိုက်ခိုက်ရေးမစ်ရှင် များလုပ်ဆောင်လျက်ရှိသည်။

ဆီးရီးယားပဋိပက္ခက လွန်ခဲ့သည့်နှစ်က ကရိုင်းမီးယားကို ရုရှကသိမ်းပိုက်လိုက်ပြီးနောက် ယူကရိန်းအပေါ်မဟာမိတ်များ၏ အာရုံစိုက်မှုကို ပြောင်းလဲသွားစေခဲ့သည်။ ဆီးရီးယားပဋိပက္ခကို နိုင်ငံတကာ အဆင့်အထိ ွှရှိန်မြင့်လာသည်ကို ရှောင်ရှားရန် နေတိုးက စိတ်အားထက်သန်နေသည်။

အောက်တိုဘာ ၃နှင့် ၄ ရက်က တူရကီလေပိုင်ထဲသို့ ရုရှတိုက်လေယာဉ်နှစ်စင်း ကျူးကျော်ခဲ့မှုကြောင့် ဆီးရီးယားပြသနာက နေတိုး၏နယ်နိမိတ်သို့ ရောက်ရှိခဲ့ရာ နေတိုး၏ တားဆီးနိုင်မှုစွမ်းရည်ကို စမ်းသပ်လိုက်ခြင်းဖြစ်သည်။

ဆီးရီးယားတွင် ရုရှနှင့် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်က ငြင်းဆိုထားစဉ် နေတိုးကာကွယ်ရေးဝန်ကြီးများက အကျပ်အတည်းဖြေရှင်းရေး ရုရှကို အားပေးနိုင်ရန် ဆွေးနွေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required