တောင်သမံအင်းအတွင်း မြေဖို့မှုကြောင့် မြစ်ရေကြီးချိန် အနိမ့်ပိုင်းဒေသများ ရေကြီးရေလျှံမှု ဖြစ်ပွား နိုင်

တောင်သမံအင်းအတွင်း မြေဖို့မှုကြောင့် မြစ်ရေကြီးချိန် အနိမ့်ပိုင်းဒေသများ ရေကြီးရေလျှံမှု ဖြစ်ပွား နိုင်
(ဓာတ်ပုံ၊ထိုက်အောင်)-အမရပူရမြို့နယ်အတွင်းက ရေဝပ်ဧရိယာကိုဖို့၍ စီမံကိန်းဆောင်ရွက် နေသည့်မြင်ကွင်း။

မန္တလေး၊ဇွန်၁၀   ။    ။ မန္တလေးမြို့၊တောင်သမံ အင်းအတွင်းရှိရေဝပ်ဧရိယာနှင့် ဧရာဝတီမြစ်ရေဝပ်ဧရိယာများကို မြေများဖို့ပြီးစီမံကိန်းများဆောင်ရွက်နေခြင်းကြောင့် လာမည့်မိုးရာသီနှင့် မြစ်ရေကြီးချိန်တို့တွင်အနိမ့်ပိုင်းမြို့နယ်၊  ရပ်ကွက်နှင့်ကျေးရွာတို့ တွင်  ရေးကြီးရေလျှံမှုများ  စိုးရွားစွာ ခံစားရနိုင်သည်ဟု စိမ်းရောင်စို/ သဘာဝစိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးကပြောပြသည်။

ချမ်းအေးသာစံမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်နှင့်အမရပူရမြို့နယ်အတွင်းရှိရှေးယခင်ကတည်းကရှိခဲ့သည့်ရေဝပ်ဧရိယာများအပြင်မန္တလေး၊စစ်ကိုင်းလမ်းနှင့်မန္တလေး၊ရန်ကုန်အမြန်လမ်းဘေးတို့ရှိရေဝပ်ဧရိယာများအတွင်း မြေများဖို့၍ဝင်ခြံခတ်ကာနေအိမ်များတည်ဆောက်ခြင်းနှင့်မြို့စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကြောင့်မန္တလေးမြို့အနိမ့်ပိုင်းမြို့နယ်၊ရပ်ကွက်များအပါအဝင်မြေဖို့ဧရိယာများနှင့်ထိစပ်နေသည့်မြို့နယ်၊ရပ်ကွက်၊ကျေးရွာများပါ ရေကြီး ရေလျှံမှုအန္တရာယ် ကြုံတွေ့လာနိုင်ကြောင်း သိရသည်။

"ခံစားရမယ့်ဆိုးကျိုးကတစ်ဦးတစ်ယောက်ထဲမဟုတ်ဘူး။အကျိုးကျေးဇူးကတစ်ဦးတစ်ယောက်ထဲအကျိုးကျေးဇူးအတွက်လုပ်တယ်။တစ်ဦးတစ်ယောက်တစ်စုတစ်ဖွဲ့ပေါ့။နောက်ဆက်တွဲရေနစ်မြုပ်မှုမှာမိသားစုတစ်စုထဲရွေးချယ်ပြီး ကွက်ပြီးနစ်မှာမဟုတ်ဘူး။ရွာလုံးကျွတ်တွေရပ်ကွက်လုံးကျွတ်တွေနယ်လုံးကျွတ်တွေထိခိုက်လာတဲ့အခါမှာဒါတွေဟာဘယ်လောက်အတိုင်းအတာထိဖြစ်မယ်။နံပါတ်တစ်ကြိုစဉ်းစားသင့်ပါတယ်။နောက်တစ်ခုကမြေယာအရှုပ်အရှင်းမရှိဘူး။ ဝယ်ပြီးလုပ်တယ် ထားဦးတော့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို လုပ်ကိုင်နေသူတွေ တာဝန်ယူ ရမယ်။" ဟု ဦးမောင်မောင်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍကို ဇောင်းပေးလုပ်ဆောင် နေခြင်းကြောင့် လက်ရှိ ရှိနေသည့် ဇီဝဗေဒစနစ်နှင့်ဂေဟဗေဒစနစ်ကို မတွက်ချက်ဘဲ ဖွံ့ဖြိုးမှု နောက်ကို မျက်စိစုံမှိတ် လုပ်ဆောင်နေပါက ရေကြီး ရေလျှံမှု ဆိုးကျိုးများ ခံစားနေရမည်ဟု ဦးမောင်မောင်ဦးက ဝေဖန်ထောက်ပြသည်။

"လွယ်လင့်တကူချပေးနေတဲ့အစိုးရအနေနဲ့ချပေးလိုက်တဲ့အခါမှာချပေးလိုက်တဲ့စီမံကိန်းတွေဘာတာဝန်ယူမှုဘာတာဝန်ခံမှုဆိုတာတွေလုပ်ခိုင်းဖို့လိုတယ်။တာဝန်ယူမှုှတာဝန်ခံမှုတွေမှာကတိစကားတွေမဟုတ်ဘဲနဲ့တကယ်ကိုတိတိပပ စာချုပ်ပါ အချက်နဲ့ပေါ့။အဲဒါမျိုး လုပ်ခိုင်းမှ အဆင်ပြေမယ်လို့ ထင်တယ်။တာဝန်ယူတာ နှုတ်ကတိနဲ့က နောက်ဆက်တွဲမှာဖြစ်လာတဲ့ပြဿနာတွေ တကယ်တမ်း ပြောရရင် နှုတ်ကတိနဲ့က မသေချာပါဘူး။

ရေကဘယ်လမ်းကြောင်းက သွားမယ်။ဘယ်လိုသွားမယ်။သေချာတယ်ဒါတွေကဝိုင်းညာပြီးထိန်းသိမ်းတဲ့အခါမှာပျက်သွားပြီ။ပျက်သွားတယ်။တစ်ဖက်ကပြောရငအလုပ်အကိုင်အခွင့်အလမ်းတို့ဖွံ့ဖြိုးတိုးတက်မှုတို့တစ်ဖက်က အကောင်းပြောမယ်။ တစ်ဖက်က အဆိုးတော့ရှိမှာပဲ။အဲဒီအဆိုးကို ဖြေရှင်းနိုင်တဲ့ လမ်းကြောင်းဟာ ဖြေရှင်းပေးမယ့် ပုံစံတွေကို အစိုးရက တိတိပပ ပြဌာန်းထားရမယ်။စာချုပ်တွေနဲ့ပေါ့။"ဟုဦးမောင်မောင်ဦးကသုံးသပ်သည်။

ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန်အတွက်မြေဖို့မှုများစတင်ပြုနေစဉ်၂၀၁၅ခုနှစ်၂၀၁၆ခုနှစ်ကပင်စိမ်းရောင်စို/သဘာဝစိမ်းအဖွဲ့မှမန္တလေးတိုင်းဒေသြကြီးအစိုးရအဖွဲ့ထံအကြိမ်ကြိမ်တင်ပြမှုများပြုလုပ်ခဲ့သော်လည်းစိစစ်သုံးသပ်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ရေဝပ်ဧရိယာများကို မြေဖို့မှုများ ခွင့်ပြု လုပ်ကိုင်စေခဲ့သည်ဟု ဦးမောင်မောင်ဦးကဆိုသည်။

အနာဂတ်အတွက်ဖြစ်ပေါ်လာမည့်ရေကြီးရေလျှံမှုဆိုးကျိုးများကိုမြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ဆုံးဖြတ်မည်လားပျက်စီးဆုံးရှုံးသွားသည့်ဖြစ်စဉ်များနှင့်ချင့်ချိန်ကြည့်မလားဆိုသည်ကိုမကြာခင်ကျရောက်လာမည့်မိုးရာသီးနှင့်ရေတိုးလာမည့်အချိန်ကို စောင့်ကြည့်သွားရမည်ဟု ဦးမောင်မောင်ဦး ကဆိုသည်။

တောင်သမံရေဝပ်ဧရိယာနှင့်ဧရာဝတီမြစ်ရေရေဝပ်ဧရိယာတွေကိုမြေဖို့စီမံကိန်းများပြုလုပ်နေသည်များနှင့်ပတ်သက်၍အမရပူမြို့နယ်၊မဲဆန္ဒနယ်အမှတ်၂မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆွေက"မြေဖို့တဲ့အတွက် မြေထုထည်ပမာဏနဲ့တူတဲ့ရေကတစ်ခြားနေရာကိုတွန်းပို့မှာပဲ။နိမ့်တဲ့နေရာတွေပိုခံရမှာပဲ။ဒီမြေဖို့တာတွေနဲ့ပတ်သက်ပြီးလွှတ်တော်မှာမေးဘူးပါတယ်။သူတို့ကဖွံ့ဖြိုးရေးတွေလုပ်နေတယ်ဆိုတော့ကျွန်တော့်အနေနဲ့မေးရတာခက်ပါတယ်။ဒေသခံအနေနဲ့ကတော့ ရေနစ်တာ ကြောက်တာ ပေါ့ဗျာ။ ရေဘေးအန္တရယ်အတွက်မြေမဖို့တဲ့ကုမ္ပဏီများက တာဝန်ယူသင့်တယ်လို့ ယူဆပါတယ်။"ဟု ပြောသည်။

တောင်သမံအင်းရေဝပ်ဧရိယာ မြေဖို့နေသည့်နေရာအနီးရှိ ရွာသစ်ရွာနှင့်ဆည်လေးရွာဒေသခံအချို့က မြေဖို့၍ ရေလျှံမည်ကို စိုးရိမ်မှုရှိသော်လည်း ဒေသဖွံ့ဖြိုးလာမည်ကို လိုလား၍ ဝေဖန်ကန့်ကွက်မှုများ မပြုလုပ်လိုကြောင်းဆိုကြသည်။

ရွာသစ်ဒေသခံ တစ်ဦးက"ဖို့သလောက် ရေက နိမ့်တဲ့ရွာဘက်လိမ့်ဆင်းမှာပဲ။ဆိုးကျိုးနဲ့ကောင်းကျိုးက ဒွန်တွဲနေတော့ မိုးပြိုအများဆိုပြီး ကြည့်နေရတယ်။"ဟုပြောသည်။

ယခင်ကယခုမြေဖို့နေသောနေရာများသည်မိုးရာသီနှင့်ရေတိုးရာသီများတွင်ရေထုထည်ပမာဏကိုမျှဝေထိန်းသိမ်းသည့်နေရာများဖြစ်ပြီထိုသို့မျှဝေထိန်းသိမ်းထားခြင်းကြောင့်လည်းရေဝင်ကျေးရွာများအနေဖြင့်ထိခိုက်နစ်နာဆုံးရှုံးမှုများ နည်းပါးခဲ့သည်။ယခုအခထိုရေထုထည်ပမာဏကိုမျှဝေထိန်းသိမ်းနေသည့်နေရာအများမှာမြေဖို့မှုမျာပြုလုပ်နေပြီဖြစ်သောကြောင့်ရေဝင်ကျေးရွာများအနေဖြင့်ပျက်စီးဆုံးရှုံးမှုများယခင်ကထက်ပိုမိုဖြစ်ပွားလာမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီအတွင်းရေးမှူးဦးဇော်ဇော်အောင်က"အရင်တုန်းကတော့ရေမြောင်းစနစ်ကအားနည်းတယ်။မိုးရွာရင်အတော်များများကရေလျှံတယ်။အခုနောက်ပိုင်းတော့ ရေမြောင်းစီးဆင်းမှုစနစ်က အရမ်းကောင်း လာတယ်။ပြည်ထောင်စုဖွံ့ဖြိုးရေးရန်ပုံငွေနဲ့လည်းမြောင်းတွေလုပ်ပေးနေတယ်။လုပ်ပေးနေတော့ကျွန်တော့်မြို့နယ်အတွင်းကတော့ရေဝပ်ရေလျှံနည်းလာတယ်ခင်ဗျ။"ဟုပြောသည်။

မန္တလေးမြို့တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်လာစေရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီအနေဖြင့် မိုးရေစုကန်များတည်ဆောက်ခြင်း၊ရေမြောင်းများပြုပြင်ခြင်းနှင့်ရေစုပ်စက်များ စီစဉ်ဆောင်ရွက်နေကြောင်းလည်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly