သူ့ကို မဲထည့်မည့်သူ ၆၀ ရာခိုင်နှုန်းကျော်ရှိ “တွက်ရေး စက်သူဋ္ဌေး” ဟု ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်ဆို

သူ့ကို မဲထည့်မည့်သူ ၆၀ ရာခိုင်နှုန်းကျော်ရှိ “တွက်ရေး စက်သူဋ္ဌေး” ဟု ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်ဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်အား ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်းရှိ အောင်သုခကျေးရွာတွင် မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၁၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)၊ တပ်မတော်တွင် နှစ်ပေါင်း ၄၀ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်သည် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ယိုးဒယားတက်ကျေးရွာ ဇာတိဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးဝေလွင်က အဆိုပါ မြို့နယ်အတွင်း သူ့ကို မဲထည့်မည့်သူ ၆၀ ရာခိုင်နှုန်းကျော် ရှိနေပြီး “တွက်ရေး စက်သူဋ္ဌေး” ဟု ဆိုသည်။

နေပြည်တော် ကောင်စီနယ်မြေ ပုပ္ဗသီရိမြို့နယ်ရှိ ပါတီရုံးတွင် သတင်းထောက်များနှင့် အောက်တိုဘာ ၈ ရက်က တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ အချင်းချင်း ပြောရရင်တော့ တွက်ရေးတော့ စက်သူဌေးပေဲ။ တွက်ကြည့်မှ စက်ရှိမရှိလား ဆိုတာ အခု ရက်ပေါင်း သုံးဆယ်ကျော် သိရမှာ” ဟု ပြောသည်။

ဦးဝေလွငသည် သူ့မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာအားလုံးသို့ မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပြီး ဖြစ်ကြောင်း လက်ရှိတွင် ဒုတိယအကြိမ်မြောက် စည်းရုံးရေး ဆင်းနေသည်ဟု ဆိုသည်။ ထိုသို့ မဲဆွယ် စည်းရုံးရာတွင် သူ့ကို နှစ်သက်သူနှင့် မနှစ်သက်သူ ရောထွေးနေသည်ဟု ဆိုသည်။

“သုံးပုံပုံ နှစ်ပုံလောက်တော့ ကိုယ့်ဘက်မှာရှိတယ် လို့တော့ ခန့်မှန်းမိတယ် ရွာထဲရောက်သွားတဲ့ အခါမှာ စစချင်း ကိုယ့်ကို ချစ်တဲ့သူလည်း ရှိတယ် မချစ်တဲ့သူလည်း ရှိတယ်။ ကြိုက်တဲ့သူလည်း ရှိတယ်၊ မကြိုက်တဲ့ လူလည်း ရှိတယ်၊ ထောက်ခံတဲ့ လူလည်းရှိတယ် မထောက်ခံတဲ့ လူလည်း ရှိတယ်။ အဲ့တော့ များများ ထောက်ခံပြီး နည်းနည်းမကြိုက်ဘူး ဆိုရင် ကောင်းတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းသည် နေပြည်တော်တွင် စစ်တိုင်းမှူးတာဝန်ကို လေးနှစ်ကြာ ထမ်းဆောင်ခဲ့သည်။ ထို့သု့ိ လေးနှစ်ကြာ နေပြည်တော်တွင် စစ်တိုင်းမှူး တာဝန်ယူစဉ်ကာလအတွင်း နေပြည်တော်၌ ဆိုးဆိုးရွားရွား ညစ်ခဲ့တာမျိုး မရှိကြောင်းလည်း ပြောကြားခဲ့သည်။

“လူထုနဲ့ထိတွေ့မှု နီးစပ်တယ်၊ ကိုယ်ရည်သွေး ပြောတာတော့ မဟုတ်ပါဘူး ကျွန်တော်တိုင်းမှူး လေးနှစ်ခွဲ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ ကျွန်တော် သူများ ညစ်တာမျိုးတွေ ဆိုးဆိုး ဝါးဝါးဟာမျိုးတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး။ လူထု အနေအထားက ကျွန်တော့်ကို ချစ်ချစ်ခင်ခင် ရှိတယ်။ ဒါကြောင့်မို့ ဒါလေးကို အာသားချက် ဖြစ်တယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပုမ္မသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ဦးရေ ငါးသောင်း ကိုးထောင်ကျော်ရှိသည်။ ပုဗ္ဗသိရိမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ ဦးရည်မွန်(ခ) မောင်တင်သစ်နှင့် တသီးပုဂ္ဂလအဖြစ် ဦးမြင့်လွင်သန်းတို့က အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required