အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ

အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသည်းရောင်ရောဂါဆိုတာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်လာတာပါ။ အသည်းရောင်ရောဂါဗိုင်းရပ်စ်ပေါင်းအများကြီးရှိပေမယ့် အဓိကအားဖြင့် အသည်းရောင်အေဗိုင်းရပ်စ်၊ ဘီဗိုင်းရပ်စ်နဲ့ စီဗိုင်းရပ်စ်တို့ကို အဖြစ်များပါတယ်။ အဲဒီအထဲက အသည်းရောင်အေပိုးဟာ အစာအိမ်ရောဂါဗိုင်းရပ်စ်နဲ့ လက္ခဏာဆင်တူတတ်ပြီး လပိုင်းအတွင်းကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် သေချာမကုသရင် နောက်ဆုံးမှာ နာတာရှည်အသည်းရောဂါဖြစ်လာနိုင်ပြီး အသည်းခြောက်ခြင်း၊ အသည်းကင်ဆာအထိ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခါတော့ အသည်းရောင်ရောဂါအေပိုးကို ကူးစက်ရရှိနိုင်ခြေများစေတဲ့အရာတွေအကြောင်း သတိပေးချင်ပါတယ်။
ဘယ်လိုကူးစက်တတ်လို့လဲ

အသည်းရောင်အသားဝါ အေရောဂါက ရောဂါပိုးပါနေတဲ့ အစားအသောက်တွေကတဆင့် ကူးစက်ပြန့်ပွားတတ်တာဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ နီးစပ်ထိတွေ့မှုကနေကူးနိုင်တယ်၊ ရေမသန့်တာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာတွေကြောင့် ကူးစက်ရရှိနိုင်ခြေပိုများတယ်။
နေ့စဉ်ဘဝမှာ ကူးစက်နိုင်ခြေများစေတဲ့ အရာတွေ

အသီးအနှံတွေ သေချာမဆေးတာ၊ ရေမသန့်တာ

အသည်းရောင်အသားဝါအေပိုးက အသီးအနှံတွေ၊ အသုပ်တွေစတဲ့ စားစရာတွေကနေ ပါလာတတ်လို့ မစားခင် သေချာစင်အောင်ဆေးပါ။ ရေကိုလည်း ရေသန့်သောက်ပါ၊ ကျိုချက်သောက်ပါ။

အခွံမာငါးတွေ အစိမ်းစားတာ

အခွံမာငါးတွေနဲ့ပင်လယ်စာတွေဟာ ညစ်ညမ်းနေတဲ့ရေတွေထဲ နေလာတာဖြစ်လို့  ကမာ၊ဂုံး၊ ခရုတွေကို မချက်မပြုတ်ဘဲ အစိမ်းစားရင် ဒီရောဂါပိုးရရှိနိုင်ပါတယ်။သေချာချက်ပြုတ်ပြီးစားတာအကောင်းဆုံးပါ။

လက်မသန့်တာ

အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ပြင်ပမှာ လနဲ့ချီပြီးရှင်သန်နိုင်ပါတယ်။ အိမ်သာကအထွက်လက်ဆေးတာ၊ လက်သန့်ဆေးရည်သုံးတာ၊ အစာမစားခင်လက်ဆေးတာ အပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ အသည်းရောင်အေရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်မှာပါ။

မသန့်တဲ့သွေးနဲ့ ထိတွေ့မိတာ

ရောဂါပိုးရှိတဲ့သွေးနဲ့ ခန္ဓာကိုယ်အရည်တွေက အသညး်ရောင်အသားဝါ ဘီနဲ့ စီကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ မီးဖွားနေစဉ်အတွင်း မိခင်ကနေကလေးကို ကူးစက်နိုင်တယ်၊ လိင်ဆက်ဆံတာကတဆင့်ကူးနိုင်တယ်၊ မကျက်သေးတဲ့အနာကတဆင့်ကူးနိုင်တယ်။ ပိုးသတ်တာမျိုး သေချာသန့်ရှင်းမှုမရှိရင် သွားကျန်းမာရေးသုံးပစ္စည်းတွေကနေလည်းကူးနိုင်တယ်။ သွားဖုံးပွန်းပဲ့တာတွေကနေ ကူးစက်နိုင်တယ်လေ။ ရောဂါပိုးရှိတဲ့လူရဲ့သွေးကို သွင်းမိရင်လည်း ဘီရော စီပါ ကူးစက်နိုင်ပါတယ်။

တက်တူးထိုးတာ နဲ့ နားဖောက်တာ

တက်တူးထိုးမှာလား၊ နားပေါက်ဖောက်မှာလား။ အသည်းရောင်အသားဝါ ဘီနဲ့စီ ကူးစက်နိုင်ခြေနည်းချင်တယ်ဆိုရင် သန့်ရှင်းမှုနဲ့ ပိုးသတ်လုပ်ငန်းစဉ်ကိုဂရုစိုက်တဲ့ အလှပြင်ဆလွန်းတွေနဲ့ တက်တူးဆိုင်တွေကို ရွေးပါ။ အပ်တွေနဲ့ ကိရိယာ၊အသုံးအဆောင်တွေကနေ တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်စေဖို့ အသုံးပြုသမျှအရာအားလုံး ပိုးသတ်သန့်စင်ထားမှ ဖြစ်မှာပါ။

တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှသုံးတာ

သွားပွတ်တံ၊ မျက်နှာသုတ်ပဝါတို့အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ အသုံးအဆောင််တွေကို အတူမျှသုံးခြင်းကနေ အသည်းရောင်ရောဂါတွေ ကူးစက်နိုင်ခြေများပါတယ်။ ဘလိတ်ဓား၊ လက်သည်းညှပ်၊ လက်သုတ်ပဝါ၊ အပ် စတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။

  ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly