အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း

အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပုရိသယောက်ျားသားတွေအတွက် အမြဲတမ်း ချွေးတွေထွက်နေတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ခုလို ပူလွန်းအိုက်လွန်းတဲ့ ရာသီဥတုမှာ အပြင်ထွက်ပြီး သွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်ဆို ပေါင်ခြံတစ်ဝိုက်မှာ ချွေးတွေ ရွှဲနေတော့တာပေါ့။
ဘာကြောင့် ချွေးတွေ အလွန်အကျွံထွက်လာတာလဲ။

အပြင်က အပူချိန်ကို ကိုယ်ခန္ဓာက တုံ့ပြန်တဲ့အနေနဲ့ ချွေးပေါက်တွေကနေ ချွေးတွေ အများအပြားထွက်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေ၊ လိင်အင်္ဂါ၊ ပေါင်ခြံ၊ တင်ပါး၊ ချိုင်းနေရာတွေမှာ ချွေးပိုပြီး ထွက်နိုင်ပါတယ်။ ချွေးထွက်တာဟာ စိုးရိမ်စရာကိစ္စမဟုတ်ပေမဲ့ သူ့နောက်ကနေ ယားယံတာ၊ ပွန်းရှတာ၊ နေရထိုင်ရခက်တာ၊ အောက်သိုးသိုး ညှီတဲ့အနံ့တွေ ထွက်လာပြီဆိုရင်တော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာပါပြီ။
ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံထွက်စေတဲ့ အကြောင်းရင်းတွေ

ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်တဲ့ ပမာဏများပါတယ်။ ပုံမှန်ထက် ချွေးထွက်များနေပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ သွေးတွင်းသကြားဓာတ် နည်းနေတာ (Hypoglycemia)

၂။ ဆီးချိုရှိတာ

၃။ သိုင်းရွိုက်ဂလန်း ပြင်းပြင်းထန်ထန် အလုပ်လုပ်တာ (Hyperthyroidism) – ဒီရောဂါမျိုး ရှိတဲ့သူတွေမှာ ချွေးထွက်လွန်တာအပြင် ကိုယ်အလေးချိန် အရမ်းကျသွားတာ၊ ကြောက်လန့်ခြင်း၊ မောပန်းခြင်း၊ နှလုံးခုန် မြန်လာခြင်းတွေပါ တွေ့ရနိုင်ပါတယ်။

၄။ တချို့သော ရောဂါပျောက်ဆေးတွေကြောင့်

၅။ ဟော်မုန်း မျှခြေ ကမောက်ကမဖြစ်ခြင်း (ဥပမာ – ကျားဟော်မုန်းထက် မဟော်မုန်း က ပိုများနေတာ)

၆။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်လွန် စိတ်ရောဂါ

၇။ အဝလွန်တာ

၈။ မျိုးရိုးလိုက်တာကြောင့် အမျိုးသားတွေရဲ့ လိင်အင်္ဂါပတ်လည်မှာ ချွေးထွက်လွန်နိုင်ပါတယ်။
ဒီလိုမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

အိမ်မှာ အလွယ်တကူလုပ်လို့ ရတဲ့ နည်းလမ်းကောင်းတွေကတော့

၁။ ချည်သား သို့မဟုတ် ချွေးစုပ်ပြီး အသားအေးတဲ့ အတွင်းခံတွေ ဝတ်ဆင်တာ

၂။ အတွင်းခံ ချောင်ချောင်ချိချိ ဝတ်ဆင်တာ

၃။ တစ်နေ့ကို ရေ ၂ကြိမ် ချိုးပေးတာ

၄။ ရေမွှေးမဟုတ်တဲ့ ချွေးတိတ်ဖျန်းဆေးကို ပေါင်ခြံတစ်ဝိုက် ဖျန်းပေးတာ

၅။ ချွေးထွက်စေနိုင်တဲ့ ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေ ရှောင်တာ

၆။ ရေဓာတ်ခမ်းခြောက်စေတဲ့ ကဖင်းဓာတ် ပါဝင်တဲ့ ကော်ဖီ၊ ဖျော်ရည်၊ အရက်သေစာတွေကို ရှောင်ကြဉ်တာ

၇။ ယောဂကျင့်စဉ် သို့မဟုတ် တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးတာ

၈။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် အလေးချိန်ချပေးတာ အစရှိတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်လဲ။

အမျိုးသားတွေအတွက် ချွေးထွက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲ ဆိုပေမဲ့လည်း ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ချွေးတွေ ထွက်နေတဲ့နေရာကို ရေချိုးရင် ကြေးသေချာမတွန်းတာ၊ ကျပ်သိပ်လွန်းတဲ့ ဘောင်းဘီတွေ ဝတ်ဆင်တာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး အနံ့အသက်ဆိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားမှိုရောဂါတွေ စွဲကပ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချွေးထွက်လွန်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်တာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly