(၁၂)ကြိမ်မြောက် ပြင်သစ်အိုပင်းချန်ပီယံနဲ့ (၁၈)ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဖြစ်လာတဲ့ မြေစေးကွင်းဘုရင် နဒါးလ်

(၁၂)ကြိမ်မြောက် ပြင်သစ်အိုပင်းချန်ပီယံနဲ့ (၁၈)ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဖြစ်လာတဲ့ မြေစေးကွင်းဘုရင် နဒါးလ်
Photos: EPA

တနင်္ဂနွေနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ မြေစေးကွင်းဘုရင် ရာဖေးလ် နဒါးလ်က သြစတြီးယားကစားသမား ဒေါ်မနစ်သိမ်းကို ၆-၃၊ ၅-၇၊ ၆-၁၊ ၆-၁ (၃ ပွဲ၊ ၁ ပွဲ)နဲ့ အနိုင်ယူကာ (၁၂)ကြိမ်မြောက် ရိုလန်ဂါရို့စ်ချန်ပီယံနဲ့ (၁၈)ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံအဖြစ် သရဖူဆောင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် စပိန်တင်းနစ်ကစားသမား နဒါးလ်ဟာ ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲ တစ်ကျော့ပြန်အဖြစ် အကောင်းဆုံး စိန်ခေါ်နိုင်သူ ဒေါ်မနစ်သိမ်းကို အနိုင်ယူခဲ့ပြီးနောက် ပြင်သစ်အိုပင်းဗိုလ်လုပွဲမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ဂရင်းစလင်းပြိုင်ပွဲတစ်ခုတည်းမှာ (၁၂)ကြိမ်မြောက် ဗိုလ်စွဲနိုင်သူအဖြစ် ပထမဆုံးကစားသမား (အမျိုးသား သို့ အမျိုးသမီး)ဖြစ်လာပါတယ်။

နဒါးလ်ဟာ အခုဆိုရင် အစဉ်အလာပြိုင်ဘက် ရော်ဂျာဖက်ဒါရာရဲ့ စံချိန်တင် ဂရင်းစလင်းချန်ပီယံ အကြိမ် (၂၀)ရဲ့ နောက် (၂)ကြိမ်သာ  လျော့နည်းပြီး ဆီမီးဖိုင်နယ်မှာ ဒေါ်မနစ်သိမ်းကို အရေးနိမ့်ခဲ့တဲ့ ဂျိုကိုဗစ်ထက် (၃)ကြိမ် ပိုများခဲ့ပါတယ်။

ကမ္ဘာ့အဆင့် နံပါတ် (၂) ကစားသမားဟာ ပြင်သစ်အိုပင်းပြိုင်ပွဲမှာ (၉၃)ပွဲနိုင်၊ (၂)ပွဲရှုံးဆိုတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ ၂၀၀၅ ကနေ ၂၀၀၈၊ ၂၀၁၀ ကနေ ၂၀၁၄၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ဒီပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

"ဒေါ်မနစ်၊ ဂုဏ်ယူပါတယ်လို့ ကျနော် ပြောပါရစေ။ ဒီဆုကို သူလည်းပဲ ရယူဖို့ ထိုက်တဲ့အတွက် ကျနော် စိတ်မကောင်းပါဘူး။"လို့ နဒါးလ်က ပြောပါတယ်။

"ဒါပေမယ့် သူဟာ အနာဂတ်မှာ အခွင့်အရေးတိုင်းကို ပိုင်ဆိုင်ထားသူပါ။ သူဟာ ဒီအားကစားအတွက် မယုံနိုင်လောက်တဲ့ ပင်ကိုယ်ထူးချွန်မှုမျိုး ရှိပြီး လာမယ့် အနာဂတ်အတွက် သူ့ကို ကျနော် ခွန်အားပေးချင်ပါတယ်။"

နဒါးလ်ရဲ့ မြေစေးကွင်းဘုရင်နေရာကို အစားဝင်မယ့်သူအဖြစ် အများစုရဲ့ သတ်မှတ်ခြင်းခံထားရသူ နိုင်ခြေအဆင့် (၄)ရှိ ဒေါ်မနစ်ဟာ ယမန်နှစ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးမှ နဒါးလ်ကို (၃)ပွဲပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

"နောက်တစ်ကြိမ် အောက်ပွဲရလို့ ဒါဟာ အိပ်မက်တစ်ခု၊ အံ့အားသင့်စရာ အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ၂၀၁၉ ခုနှစ်အထိ ဆက်ကစားနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဒါဟာ ကျနော့်အတွက် တကယ်ပဲ ကောင်းမွန်ပါတယ်။"လို့ သူက ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly