နှစ် ၁၃၀ ကျော်သက်တမ်းရှိ ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများကို ပြသနေ

နှစ် ၁၃၀ ကျော်သက်တမ်းရှိ ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများကို ပြသနေ

ရန်ကုန်၊ ဇွန်လ ၉ ။         ။ နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိနေပြီ ဖြစ်သည့် ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ဇွန် ၉ ရက်နေ့မှ ဇွန် ၁၈ ရက်အထိ ၁၀ ရက်ကြာ အများပြည်သူသို့ အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ရှေးခေတ်ရှမ်းစော်ဘွားကြီးများနှင့် အခြားအဆင့်များ၏ ရှားပါးဝတ်စုံပေါင်း ၃၀ ကို ခင်းကျင်းပြသ ထားခြင်း ဖြစ်ပြီး ခေတ်ကာလကြာမြင့်ခဲ့ပြီဖြစ်သည့် ကတ္တီပါ၊ ဘရိုကိတ်၊ ချည်ထည်၊ ပိုးထည်များပေါ်တွင် အလှဆင်ထားသည့် ရွှေချည်ထိုး၊ ပန်းထိုးလက်ရာများပါဝင်သော ရှားပါးဝတ်စုံများ ဖြစ်သည်။

" မည်သူမဆို အခမဲ့လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ဒီပြပွဲ ပြီးစီးသွားတဲ့အခါမှာ ဝတ်စုံတွေကို ကျွန်မတို့ ညောင်ရွှေယဉ်ကျေးမှုပြတိုက်ကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တဲ့အတွက် ဒီပြပွဲမှာ မကြည့်လိုက်ရတဲ့သူများ ညောင်ရွှေယဉ်ကျေးမှုပြတိုက်မှာ ပြန်လည်ခင်းကျင်းထားရှိမှာဖြစ်တဲ့အတွက် အဲ့ဒီမှာ ဆက်လက်ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးအပ်ပါတယ်"ဟု အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး နန်းလောဝ်ငင်းက ပြောသည်။

ယခင်က ညောင်ရွှေပြတိုက်တွင် ထားရှိသော အဆိုပါ ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများကို နောင်ခေတ် လူငယ်များအထိ ကြည့်ရှုလေ့လာနိုင်ရးအတွက် ပိုမိုကြံ့ခိုင်မှုရှိစေရန် ၊ ခေတ်မီနည်းပညာရပ်များဖြင့် ပိုးမွှားများ ကင်းစင်ပြီး သန့်ရှင်းစေရန်၊ တာရှည်ခံနိုင်အောင် ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ ပြင်သစ်နိုင်ငံသို့ ခေတ္တပို့ဆောင် ဆောင်ရွက်လိုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း ကမ်းလှမ်းခဲ့သည်။

ထိုအချိန်မှ စပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များက ညောင်ရွှေယဉ်ကျေးမှုပြတိုက်တွင် ပြသထားသော စော်ဘွားကြီးများနှင့် အခြားအဆင့်ဝတ်စုံများ၏ ပကတိအခြေအနေကို သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် ဌာနပညာရှင်များက ယင်းရှားပါးဝတ်စုံများကို ပြည်တွင်းမှာပင် ထိန်းသိမ်းနိုင်သည့် အခြေအနေ ရှိနေသည့်အတွက် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ရန်ပုံငွေကျခံပြီး ရေရှည်တည်တံ့ရေးဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် လက်ရှိတွင် ထိန်းသိမ်းသန့်ရှင်းထားသော ဝတ်စုံများကို ပြန်လည်ပြသနေခြင်း ဖြစ်သည်။

" အခုပြပွဲမှာ ပြသထားတဲ့ ရှမ်းစော်ဘွားများရဲ့ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို မြင်တွေ့ရခြင်းအားဖြင့် တစ်ခေတ် တစ်ခါက ရှမ်းလူမျိုးတို့ရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ အဆင့်အတန်းမြင့်မားမှုကို ခန့်မှန်းတွက်ဆနိုင် ကြမှာဖြစ်ပါတယ်"ဟု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ပြောသည်။

အဆိုပါ ပြပွဲကို ဇွန်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းအပါအဝင် သံတမန်အရာရှိများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းတိုင်းရင်းသားများ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly