၄ လကြာ ပိတ်ထားခဲ့သည့် ကိုလံဘီယာနှင့်အကြား နယ်စပ်ကို ဗင်နီဇွဲလား ပြန်ဖွင့်

၄ လကြာ ပိတ်ထားခဲ့သည့် ကိုလံဘီယာနှင့်အကြား နယ်စပ်ကို ဗင်နီဇွဲလား ပြန်ဖွင့်

ဇွန် ၉ ။           ။ ကိုလံဘီယာနှင့် ဗင်နီဇွဲလားအကြားက နယ်စပ်ဂိတ်ကို လေးလကြာ ပိတ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် ထောင်သောင်းချီသော ဗင်နီဇွဲလားပြည်သူများသည် အခြေခံစားကုန်များနှင့် ဆေးဝါးများ ဝယ်ယူစုဆောင်းရန်အတွက် နယ်စပ်ဂိတ်ကို ဖြတ်ပြီး ကိုလံဘီယာနိုင်ငံထဲ အစုလိုက်အပြုံလိုက် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ထားရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက အမိန့်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်က အတိုက်အခံခေါင်းဆောင် ဟွမ် ဂွါဒိုက အမေရိကန် ပံ့ပိုးသည့် လူသားချင်းစာနာမှုအကူအညီများ နိုင်ငံထဲသို့ သွင်းရန် ပြင်ဆင်နေခဲ့ချိန် မာဒူရိုက ယင်းကဲ့သို့ နယ်စပ်ကို ပိတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်း ဗင်နီဇွဲလားနိုင်ငံသည် နှစ်များစွာကြာ ဆိုးရွားသည့် စီးပွားရေးအကျပ်အတည်းကြီးတစ်ခုနှင့် ကြုံတွေ့ထားခဲ့ရခြင်းကြောင့် လက်ရှိကာလများတွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ပြတ်လပ်ရှားပါးနေလျက် ရှိသည်။

ကုလ အေဂျင်စီများ၏ အဆိုအရ ၂၀၁၅ နောက်ပိုင်း ဗင်နီဇွဲလား ပြည်သူ လေးသန်းကျော်ခန့် နိုင်ငံကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သိရသည်။

ယမန်နေ့က နယ်စပ်ဂိတ်ကို ဖွင့်လိုက်ပြီးနောက် တစ်ရက်တည်းမှာပင် ဗင်နီဇွဲလား ပြည်သူ ၃၀,၀၀၀ ကျော်ခန့် ရောက်လာခဲ့ကြောင်း ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly