ပရိသတ်စစ်တမ်းအရ အကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အဆင့် (၄)မှာသာ ရပ်တည်

ပရိသတ်စစ်တမ်းအရ အကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အဆင့် (၄)မှာသာ ရပ်တည်
Photos: EPA

Banco Santander မှ ၂၀၁၈-၁၉ ရာသီ လာလီဂါအတွက် ပရိသတ်တွေကို စစ်တမ်းကောက်ယူမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဘာစီလိုနာဟာ လာလီဂါမှာ ရမှတ် (၁၀) ပေးရာမှာ (၈.၃) မှတ်၊ ချန်ပီယံလိဂ်မှာ (၆.၃)မှတ်နဲ့ အမြင့်ဆုံး အဆင့်သတ်မှတ်ချက်ဖြင့် ရပ်တည်နေတဲ့ စပိန်ကလပ်ဖြစ်ပါတယ်။

စပိန်ပရိသတ်တွေဆီ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ရပ်လုံးမှာ ကျရှုံးခဲ့တာကြောင့် ပျမ်းမျှ (၄.၈)မှတ်နဲ့ အက်သလက်တီကို၊ ဗလင်စီယာအသင်းတို့ရဲ့အောက် အဆင့် (၄)နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရထားတဲ့ အဆိုပါ ထိပ်ဆုံး (၄)သင်းလုံးဟာ အသင်းကို သွေးသစ်လောင်းဖို့ လိုအပ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။

စစ်တမ်းမှာ ပါဝင်တဲ့ ဖြေဆိုသူတစ်ဝက်လောက်က ရီးယဲလ်အသင်းဟာ လာမယ့်ရာသီအတွက် ရည်မှန်းချက်တွေကို လိုက်မီနိုင်ဖို့ ကစားသမားသစ် အများအပြား ခေါ်ယူဖို့ လိုအပ်လိမ့်မယ်လို့ ယုံကြည်ပြီး အလားတူပဲ ရာသီကုန်မှာ ကစားသမားအချို့ ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အက်သလက်တီကိုဟာလည်း ကစားသမားသစ်တွေ ခေါ်ယူဖို့ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

အကောင်းဆုံး ကစားသမားတွေအတွက် စစ်တမ်းကောက်ယူခဲ့ရာမှာ ဘာစီလိုနာအသင်းကပဲ စိုးမိုးခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမားအဖြစ် တာစတီဂန်၊ အကောင်းဆုံး နောက်ခံကစားအဖြစ် ပီကေး၊ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် မက်ဆီနဲ့ အကောင်းဆုံးနည်းပြအဖြစ် ဗဲလ်ဗာဒီတို့ကို ရွေးချယ်ခဲ့ပါတယ်။

ဗလင်စီယာရဲ့ ဒန်နီ ပါရီဟိုကတော့ ခြွင်းချက်အနေနဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

လာလီဂါပြိုင်ပွဲဟာ စပိန်ပရိသတ်ရဲ့ (၆၀)ရာခိုင်နှုန်းက ပြည်တွင်းပြိုင်ပွဲကို နှစ်သက်လျက်ရှိနေပြီး အင်္ဂလန် ပရီးမီးယားလိဂ်က (၃၈) ရာခိုင်နှုန်းရှိပါနေချိန်မှာ အင်္ဂလန်ပရိသတ်ရဲ့ (၅)ရာခိုင်နှုန်းကသာ စပိန်လိဂ်ကို စိတ်ဝင်စားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စပိန်ပရိသတ်တွေဟာ လာမယ့်ရာသီ လာလီဂါမှာ မျက်နှာသစ်ကစားသမား အများအပြား မြင်တွေ့လိုပြီး ရီးယဲလ်အသင်းရဲ့ အသစ်ခေါ်ယူတဲ့ ဟာဇက်ပြီးရင် အမ်ဘာပေက အများဆုံး မြင်တွေ့လိုတဲ့ ကစားသမာဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြခဲ့ပါတယ်။

ဂရစ်ဇ်မန်းကို လာမယ့် ရာသီ စပိန်မှာ ဆက်ရှိနေဖို့ ဘယ်သူကမှ မျှော်မှန်းထားခြင်းမရှိပါဘူး။ ဘေးလ်ဟာလည်း စစ်တမ်းမှာ ပါဝင်သူ (၁၃)ရာခိုင်နှုန်းက ရီးယဲလ်အသင်းကနေ ထွက်ခွာသွားမယ်လို့ ဆိုပါတယ်။

VAR (ဗီဒီယို အကူဒိုင်)စနစ်အသုံးပြုမှုနှင့် ပတ်သက်ပြီး (၇၅)ရာခိုင်နှုန်းကျော်က VAR ကို ကာကွယ်ခဲ့ပြီး ရာသီနောက်ဆုံးပိုင်းမှာ ပရိသတ်ရဲ့ VAR အပေါ် အမြင်တွေ တိုးတက်ခဲ့တယ်လို့ ပြသခဲ့တာလည်းဖြစ်ပါတယ်။

စစ်တမ်းဖြေဆိုသူရဲ့ သုံးပုံကျော်က VAR စနစ်ဟာ ပွဲအပေါ် အပြုသဘော အကျိုးသက်ရောက်မှုရှိပြီး ပွဲစဉ်တွေဟာ မျှတမှုရှိတယ်လို့ ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး ပရိသတ်များအဖြစ် အက်သလက်တီကို ပရိသတ်တွေက ရရှိခဲ့တယ်လို့ သိရပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly