ရွှေ့ပြောင်းဝင်ရောက်သူများအရေး သဘောတူညီမှု ရပြီးနောက် မက္ကဆီကိုအား စည်းကြပ်ခွန် ချမှတ်မှာကို ရွှေ့ဆိုင်း

ရွှေ့ပြောင်းဝင်ရောက်သူများအရေး သဘောတူညီမှု ရပြီးနောက် မက္ကဆီကိုအား စည်းကြပ်ခွန် ချမှတ်မှာကို ရွှေ့ဆိုင်း

ဝါရှင်တန်၊ ဇွန် ၈ ။        ။ လက်တင်အမေရိကမှ အမေရိကန်နိုင်ငံထဲ တရားမဝင် ခိုးဝင်ကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို တားဆီးပေးရေးနဲ့ ပတ်သက်ပြီး မက္ကဆီကိုနိုင်ငံနဲ့ အမေရိကန်ဟာ ဇွန် ၈ ရက်က သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးလိုက်အပြီးမှာ မက္ကဆီကိုသွင်းကုန်တွေအပေါ် စညး်ကြပ်ခွန်ချမှတ်မှာကို အချိန်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သမ္မတ ထရမ့်က ကြေညာပါတယ်။

လာမယ့် တနင်္လာနေ့မှာ အသက်ဝင်ပြီး စတင်ချမှတ်ကျင့်သုံးဖို့ ရှိနေတဲ့ မက္ကဆီကို ကုန်စည်တွေအပေါ် စည်းကြပ်ခွန်ကောက်ခံမယ့် အဆိုပြုချက်ကို ဝါရှင်တန်မှာ နှစ်နိုင်ငံကြား သုံးရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်တာကြောင့် ခုလို ရုပ်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မက္ကဆီကိုနဲ့အတူ သဘောတူညီချက်တစ်ရပ်ကို ဆောင်ကြဉ်းနိုင်ခဲ့ပြီ။”လို့ ထရမ့်က တွစ်တာကနေ ကြေညာပါတယ်။

“အမေရိကန်က မက္ကဆီကိုအပေါ် စည်းကြပ်ခွန် ကောက်ဖို့ စီစဉ်ထားခဲ့တာကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။”လို့ သမ္မတ ထရမ့်က ရေးသားပါတယ်။

အပြန်အလှန်အနေနဲ့ မက္ကဆီကို နိုင်ငံဖက်က ၎င်းရဲ့ နိုင်ငံကိုဖြတ်ပြီး အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီးကို ထိထိရောက်ရောက် တားဆီးပေးရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ သမ္မတ ထရမ့်ဟာ မက္ကဆီကို သမ္မတ လိုပက်ဇ်အိိုဘရာဒေါက နှစ်နိုင်ငံ နယ်စပ်မှာ ရွှေ့ပြောင်းဝင်ရောက်သူဦးရေကို လျော့ကျသွားအောင် မလုပ်နိုင်ရင် အခွန်တိုးကောက်မယ်ဆိုပြီး ခြိမ်းခြောက်ထားခဲ့တာပါ။

ဇွန် ၁၀ ရက် စတင်ပြီး မက္ကဆီကိုက ပို့ကုန်တွေအပေါ် စည်းကြပ်ခွန် ငါးရာခိုင်နှုန်း စတင် တိုးမြှင့်ကောက်ခံပြီး လစဉ်လတိုင်း ထပ်တိုးကောက်ခံကာ အောက်တိုဘာလမှာ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားမယ်လို့ ထရမ့်က ကြေညာထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ နှစ်နိုင်ငံကြား သဘောတူညီချက် ရရှိပြီဖြစ်တာကြောင့် ဒီလို အခွန်တိုးကောက်မယ့် အစီအစဉ်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly