ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၄ ဦး အား အဂတိဖြင့် အမှုဖွင့်

ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၄ ဦး အား အဂတိဖြင့် အမှုဖွင့်

မကွေး၊ ဇွန် ၈ ။          ။ ပေါက်မြို့နယ်၊ ရေနံလက်ယက်တွင်းမှ ရရှိသည့်ရေနံများအား ပုဂ္ဂလိကရေနံချက်ဖိုများရှိရာသို့ သယ်ဆောင်ရာတွင် ကျေးရွာများကို ဖြတ်သန်းရသည့်အတွက် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ငွေကြေးကောက်ခံခဲ့သည့် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ၄ ဦး အား အဂတိလိုက်စားမှုဖြင့် ဇွန် ၇ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

“ ညကမှ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးကို အဂတိနဲ့ စွဲလိုက်တယ်ဆိုတာ ဒီလောက်ပဲ သိရသေးတယ်။
အဂတိလိုက်စားမှုကော်မရှင်က ဆောင်ရွက်နေတာဖြစ်လို့ ကျွန်တော့အနေနဲ့ ဂဃနဏ မသိရသေးပါဘူး” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သံယဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့်လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဖမ်းဆီးထားခြင်း ဖြစ်ပြီး နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ ဇွန် ၇ ရက်က ရဲတပ်ဖွဲ့ကို စေလွှတ်ပြီး ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပေါက်မြို့မရဲစခန်းအချုပ်ထဲမှာ ချုပ်ထားရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“ ကနဦးတိုင်စာအရ ခရိုင်အဆင့်က ဌာနဆိုင်ရာတာဝန်ရှိသူ(၃)ဦး၊ မြို့နယ်အဆင့်က (၇)ဦးပါတယ်။ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးအစိုးရအဆင့်တွေဆီ တိုင်တယ်။ မထူးခြားတဲ့အတွက် နောက်ဆုံးအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်တာ။ အဂတိကော်မရှင်က တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဆီ ညွှန်ကြားတဲ့စာက ဝန်ကြီးချုပ်ဆီ မရောက်ဘဲ ဌာနဆိုင်ရာဝန်ထမ်းတွေက လျှို့ဝှက်ထားတာကြောင့် ကြန့်ကြာနေတာမျိုးလည်း ရှိခဲ့တယ်ဗျ” ဟု ဦးရဲထွန်းဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေအတွင်းရှိ သရက္ကန်ကျေးရွာတွင် ရေနံလက်ယက်တွင်း ဆိုင်ရာ ဥပဒေနှင့်ဆန့်ကျင်၍ ရေနံထုတ်လုပ်ခြင်းနှင့် ရေနံ တူးဖော်ခြင်းလုပ်ငန်းလိုင်စင်မရှိဘဲ ရေနံတူးဖော်နေသူများ၊ ပေါက်မြို့နယ်မှ မုံရွာမြို့နယ်သို့ သယ်ယူပို့ဆောင်ခွင့် မျှောစာ မရှိဘဲ တရားမဝင် ရေနံတူးဖော်/ သယ်ဆောင်နေသူများထံမှ ကျေးရွာဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ငွေကြေး ကောက်ခံရယူခဲ့သည့် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့်ဝန်ထမ်းများအား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ကြားမှု ဖြစ်စဉ်မှာ သရက်ကန်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးလက်ထက်တွင်  ၂၀၁၆-၂၀၁၇ (၂)နှစ်ပေါင်း ကျပ်သိန်းပေါင်း(၉၇၀၀)ကျော် စာရင်းတမ်းအပေါ် ကျေနပ်မှုမရှိသောကြောင့် ခရိုင်အဆင့်၊ တိုင်းအစိုးရ အဖွဲ့များ ဆီ တိုင်ကြားသော်လည်း မထူးခြားသောကြောင့် ၂၀၁၈ ခုနှစ် သြဂုတ် ၂၉ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့သည်ဟု သိရသည်။

အဂတိကော်မရှင်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  စစ်ဆေးပြီး ရက်(၃၀)အတွင်း ပြန်လည်တင်ပြရန်  ညွှန်ကြားစာ ပို့ခဲ့ကြောင်း သိရသည်။ အဆိုပါစာအား ဝန်ကြီးချုပ်မှ မသိရှိသေးကြောင်း သိရသည်ဟု ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောသည်။

“ ဝန်ကြီးချုပ်နဲ့တွေ့ပြီး အကျိုးအကြောင်းပြောတော့ ဝန်ကြီးချုပ်က ဒီကိစ္စ ကျွန်တော်ပြောမှသိရတာ ဖြစ်နေတယ်။ ဝန်ကြီးချုပ်က ဒီကိစ္စ အလေးထားဆောင်ရွက်ပါ့မယ်လို့ ပြောပြီး တိုင်းထွေအုပ်က (၁)ဦး၊ ခရိုင်ထွေအုပ်က (၁)ဦး၊ ခရိုင်စာရင်းစစ်က(၁)ဦး အဲဒီ(၃)ဦး ဦးဆောင်တဲ့ အဖွဲ့ဖွဲ့ပြီးတော့ စစ်ခိုင်းတယ်။
ဒါပေမယ့် စစ်ဆေးတဲ့သူတွေထဲကပဲ ပြီးပြီးသားကိစ္စ မင်းတို့ထပ်တင်လို့ ငါတို့အလုပ်ရှုပ်တာဆိုပြီး ကြိမ်း မောင်းတာမျိုး၊ ခြိမ်းခြောက်တာမျိုး လုပ်ကြတော့ တိုင်တဲ့အဖွဲ့ ဝန်ကြီးချုပ်မသိရတာရော ကြိမ်းမောင်း၊ ခြိမ်းခြောက်တာတွေအတွက်ရော ထပ်ပြီးတိုင်စာတင်ကြတာကြောင့် ဒီအခြေအနေအထိ ဖြစ်သွားတာပါ” ဟု ဦးရဲထွန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ (ယခု စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး)၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်မင်းဦးနှင့် ပခုက္ကူမြို့မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သန်းဇော် (ယခု မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly