ဂီတမှူးနိုင်ဇော်၏ သမီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်

ဂီတမှူးနိုင်ဇော်၏ သမီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဇွန် ၈ ။          ။ ဂီတမှူးနိုင်ဇော်၏ သမီးဖြစ်သူ မမိုးဖြူစင်ဇော်သည် ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

“သူ့ဘဝက ကျောင်း ၊ ကျူရှင်၊ ကျူရှင်အိမ် အဲ့လို ဖြစ်ခဲ့တာပေါ့။ ဒီကလေးက ည ၁၂ နာရီခွဲ လောက်မှ ပုံမှန်အိပ်ရတော့ သူကြိုးစားခဲ့တယ်ပေါ့နော်။ သူကြိုးစားသလို တစ်ခြားကလေးတွေလည်း ကြိုးစားခဲ့တာပဲ။ဒါပေမယ့် ကိုယ့်သမီးကို ဒီလောက်ကြီး ကြိုးစားပြီးမှ ထူးထူးချွန်ချွန်မဖြစ်ရင် သူ မတန်ဘူးလို့တောင်မှ ဘေးကနေ ကျွန်တော် တွေးတာပေါ့။ ဒါပေမယ့် ကျွန်တော်မှန်းထားတာ ဂုဏ်ထူး လေးခုလောက်ပါရင် သူ့ကို မဆိုးပါဘူးလို့ မှန်းထားတာပေါ့နော်။ အခုကတော့ သူ့တာဝန် သူကျေပါတယ်။ ဂုဏ်ထူး ၆ ခုလုံးရအောင် သူကြိုးစားခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်” ဟု ဂီတမှူးနိုင်ဇော်က ပြောသည်။

မမိုးဖြူစင်ဇော်သည် အ.ထ.က (၄) ပုဇွန်တောင်မှ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး ဆေးတက္ကသိုလ်တက်ရောက်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

“အမှတ်ပေါင်းကိုတော့ ကျွန်တော်တို့ မကြည့်ထားပါဘူး။ ကျွန်တော်တို့ တကယ့်ကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်တာဆိုတော့။ ဘယ်လောက်ရမှန်းတော့ မသိဘူး။ သမီးထက် နှစ်နှစ်ကြီးတဲ့ သူ့အစ်မ ဝမ်းကွဲကလည်း ဆေးကျောင်းတက်နေတော့ အတွေ့အကြုံတွေ ပြောပြနေတော့ သမီးကလည်း ဆေးကျောင်းတက်ချင်တာတော့ ရှိပါတယ်။ သမီးရဲ့ ဆန္ဒကို ဦးစားပေးမှာပါ” ဟု ကိုနိုင်ဇော်က ဆက် ပြောသည်။

ထို့အပြင် သမီးဖြစ်သူသည် သီချင်းအဆိုနှင့် အကဝါသနာပါသောကြောင့်  ဝါသနာပါသည့် အနုပညာ လုပ်ငန်းများကိုလည်း ဆက်လက်အားပေးထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ  ၈၅၁၅၁၄ ဦး ရှိခဲ့ပြီး ၂၆၇၆၉၆ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိကြောင်းလည်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required