မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဇွန်လအတွင်း တွေ့ဆုံဆွေးနွေးရန် အစိုးရ အဆိုပြု

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဇွန်လအတွင်း တွေ့ဆုံဆွေးနွေးရန် အစိုးရ အဆိုပြု
Photo-Hein Htet/EPA

ရန်ကုန်၊ ဇွန် ၈ ။        ။ နှစ်ဖက်အပစ်ရပ်စာချုပ် (Bilateral) ရေးထိုးရေး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဇွန်လထဲတွင် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်မှ အဆိုပြုထားကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုလိုက်သည်။

ဇွန်လ ၇ ရက်နေ့က နေပြည်တော်ရှိ သမ္မအိမ်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ အပစ်ရပ်ကာလ (၄ လ) မှာ ဇွန်လအကုန်တွင် သက်တမ်းကုန်မည်ဖြစ်သောကြောင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် Bilateral ရေးထိုးရန် တွေ့ဆုံလိုခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ အခု အချိန်တွင် နောက်ထပ်တိုးတက်မှုများ၊ Bilateral စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပါက ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် စိုးရိမ်ဖွယ်ရာဖြစ်သည့်အတွက် ယခုလထဲတွင် မဖြစ်မနေ တွေ့နိုင်ရန် ပြန်လည်အဆိုပြုထားပါကြောင်း” ဟု ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ငြိမ်းချမ်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနေပြီး အဆိုပါ အဖွဲ့များမှ Bilateral ရေးထိုးရန် အဆိုပြုချက်များပေးပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တွေ့ဆုံပွဲကို မေ တတိယအပတ်တွင် ပြုလုပ်ရန် မူလက ရည်ရွယ်ထားသော်လည်း ကျင်းပမည့် နေရာ သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။

“မူလကတော့ မေလမှာ တွေ့မယ်ပေါ့နော်။ အဆင်သင့်ဖြစ်တယ် ကျွန်တော်တို့ဘက်က။ ဒါပေမယ့် သူတို့ဘက်က ရက်အကြောင်းမပြန်လာတော့ တွေ့ဆုံမှုက မဖြစ်သေးတာပေါ့။ အခုလည်းဘာမှတော့ အကြောင်း ပြန်တာတော့မရှိသေးဘူး” ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအောဝ်း၊ ပလောင်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

မူလက ပန်ဆန်းတွင် တွေ့ဆုံရန် အစိုးရဘက်မှညှိနှိုင်းခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ မူဆယ်မြို့ကို အဆိုပြုခဲ့သည်။ ထို့နောက် အစိုးရဘက်မှ လားရှိုးတွင် တွေ့ရန် အဆိုထပ်မံပြုခဲ့ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့မှ မိုင်းလားတွင် တွေ့ဆုံရန် ပြန်လည်အဆိုပြုခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ထိုကြောင့် နောက်ဆုံးအနေဖြင့် အစိုးရဘက်မှ ကျိုင်းတုံတွင်တွေ့ဆုံရန် ပြန်လည်အဆိုပြုထားသည် ဟု သိရှိရသော်လည်း မြောက်ပိုင်းမဟာမိတ်များဘက်မှ တရားဝင်အကြောင်းကြားစာ မရရှိသေး ဟုလည်း သူက ပြောသည်။

Bilateral စာချုပ် မချုပ်နိုင်သေးသောကြောင့် တိုက်ပွဲများပြန်ဖြစ်လာပါက ထိန်းသိမ်းရခက်မည် ဖြစ်သည့် အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) နှင့် နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်နေသည်ဟုလည်း သမ္မရုံးမှ သိရသည်။

အလားတူ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန်အတွက် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က အဆိုပြုချက် တစ်ရပ်ကို ရေးဆွဲနေပြီး ယင်းအဆိုပြုချက်ပေါ် မူတည်၍ ထပ်မံတွေ့ဆုံရန် ရှိကြောင်းလည်း အစိုးရမှ ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တပ်မတော်နှင့် တိုက်ပွဲများအဓိကဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ကိုးကန့် (MNDAA)၊ မိုင်းလား (NDAA)၊ တအောဝ်း၊ ပလောင် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရက္ခိုင့်တပ် (AA) တို့ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly