ပြည်သူ့ဘက်သား စစ်စစ်တွေကို မဲပေးကြ၊ စရိုက်ဆိုးများ နောက်အစိုးရ ပြင်နိုင်စေဟု ဦးအောင်သိန်းလင်း ဆုတောင်း

ပြည်သူ့ဘက်သား စစ်စစ်တွေကို မဲပေးကြ၊ စရိုက်ဆိုးများ နောက်အစိုးရ ပြင်နိုင်စေဟု ဦးအောင်သိန်းလင်း ဆုတောင်း

ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့ မြို့တော်ဝန် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းက မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းမှုတွင် သူကိုယ်တိုင် ပြည်သူ့ဘက်တော်သားဖြစ်ရန် ကြိုးစားနေသည်ဟု ဆိုလိုက်ပြီး ရွေးကောက်ပွဲတွင်လည်း ပြည်သူ့ ဘက်တော်သား စစ်စစ်များကိုသာ ရွေးချယ်မဲပေးကြရန် တိုက်တွန်းထားသည်။

ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် မေးခွန်းကိုမူ “ဒီမိုကရေစီ အစိုးရအနေနဲ့ ပြောရင် ဒီဝန်ထမ်းတွေရဲ့ အကျင့်ကို မပြောင်းနိုင်ပါလားလို့ ကျွန်တော် တွေးမိတယ်” ဟု ဖြေဆိုသွားခဲ့သည်။ နောက်တက်လာမည့်အစိုးသည် ဝန်ထမ်းများ၏“ စရိုက်ဆိုးများကို ပြောင်းလဲနိုင်ပါစေ” ဟုလည်း ဆိုခဲ့သည်။

 

အရင်တပ်မတော် အစိုးရ လက်ထက်တုန်းက ဆောင်ရွက်ရတဲ့ လုပ်ငန်းနှစ်ခု လောက်ကို ယှဉ်ပြီးတော့ပေါ့ ကွာခြားတာလေး သေသေချာချာ သိရအောင်လို့ လုပ်ငန်းတစ်ခုပေါ် အခြေခံပြီးတော့ ပြောပေးနိုင်မလား။

လုပ်ငန်းတစ်ခု ပေါ်ဆိုတာထက် ဟိုအစိုးရ ဝန်ထမ်းတာဝန် တုန်းကတော့ အထက်က သတ်မှတ်ထားတဲ့ မူဘောင်တွေ ရည်မှန်းချက်တွေ ရှိတယ်လေ။ အဲဒါတွေပေါ်မှာ ကျွန်တော်တို့က အကောင်အထည် ဖော်ရတာပါ။ ဥပမာဟုတ်လား ကျွန်တော် မြို့တော်ဝင်ဆိုရင် ရန်ကုန်မြို့ကြီးကို Green City၊ Clean City သတ်မှတ်ပြီးတေ့ာမှ အေးချမ်းတဲ့ မြို့ကြီးဖြစ်ဖို့ တာဝန်ပေးထားတာ၊ ဒါကတော့ ချုံ့ပြောတာပါ။ အဲဒီတော့ အဲဒီ တာဝန်အပေါ်မှာ ကျွန်တော်က လမ်းတွေလုပ်တယ်၊ ပလက်ဖောင်းတွေ လုပ်တယ်။ ပလက်ဖောင်းကို ဟိုဘက်ထိပ် ဒီဘက်ထိပ်လုပ်မိလို့ အမှန်ကတော့ ဟိုဘက်ထိပ် ဒီဘက်ထိပ် လုပ်မှာ အလယ်မှာ ဆက်မှာဒါပေမဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်လုပ်တာကို မြင်ပြီးတော့မှ အဖျားဘဲလုပ်တယ် ဆိုပြီးတော့ လူကြီးတွေက စွတ်စွဲပြီးတော့ ပြစ်တင် ခံရတာရှိတယ်။

တကယ်တေ့ာ အစိုးရဝန်ထမ်းဘဝမှာ တာဝန် ထမ်းဆောင်တဲ့အခါမှာ ကိုယ်က တာဝန် ကျေပွန်အောင် လုပ်နေပါလျှက်နဲ့ စွတ်စွဲပြောဆို လာတဲ့အခါမှာ ဖြေရှင်းရ ခက်တာမျိုးတွေရှိတယ်။ သူများစိတ်နဲ့ ကိုယ့်ကိုဟုတ်တယ်မဟုတ်လား။ အခု အစိုးရ ဝန်ထမ်းမဟုတ်တော့ဘူး ပြည်သူ့ ကိုယ်စားလှယ်ဖြစ်တဲ့အခါမှာ ကျွန်တော် လွှတ်တော်ထဲရောက် တဲ့အခါမှာ ကျွန်တော်ဘယ်ဟာကို သွားလုပ်ခွင့် ရသွားလဲဆိုရင် လယ်ယာမြေ ကော်မရှင်မှာ ပါခွင့်ရသွားတယ်။ ပါခွင့်ရတယ်ဆိုတာလဲ အလကား ပါတာမဟုတ်ပါဘူး။

ဒဂုံလေးမြို့နယ်က နစ်နာတဲ့ လယ်သမားတွေကိစ္စ ကျွန်တော် လွတ်တော်ထဲမှာ အဆိုတင် တဲ့အတွက် ကျွန်တော့်လိုဘဲ အဆိုတင်တဲ့ လယ်သမား မြေသိမ်းခံရတဲ့ အဆိုတင်တဲ့ လွတ်တော် ကိုယ်စားလှယ်တွေကို စုပြီးတော့မှ လွတ်တော်ကိုယ်စားလှယ် ၇၄ ယောက်နဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်ကြီးဖွဲ့တယ်။ အဲဒီကော်မရှင်ကြီးမှာ ကျွန်တော်က အဖွဲ့(၁)မှာ ပါတယ်။

ကျွန်တော့်အဖွဲ့(၁)က ရန်ကုန်တိုင်းဒေသကြီးမှာ ကျွန်တော်က တာဝန်ယူရတယ်။ အဲဒီတော့ ဒီနေ့အထိ လယ်သမားတွေရဲ့ နစ်နာမှု ၁၀,၇၁၅ ကျွန်တော် ကော်မရှင်ကို တင်ပြီးပြီ၊ အဲဒီတော့ အစိုးရကို တင်ပြီးပြီ၊ ဒီကော်မရှင်မှာ ပါတဲ့အတွက် ကျွန်တော့်မှာ ဒီကော်မရှင် အလုပ်လုပ်ရင်းနဲ့မှ ကျွန်တော်ရဲ့ အတွေ့အကြုံတွေ ကျွန်တော်ရဲ့ အသိတရားတွေ ကျွန်တော်ရဲ့ တွေ့ကြုံတဲ့ အတွေ့အကြုံတွေအရ ကျွန်တော်ရဲ့ အသိတရားတွေ ကျွန်တော်ရဲ့ စဉ်းစားချက်တွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။

ဒီဟာက လူ့ရဲ့စဉ်းစားချက်ဆိုတာ သူရဲ့တွေ့ကြုံတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြောင်းလဲ ရတာလေ။ ဟုတ်တယ်မဟုတ်လား။ သူရဲ့စဉ်းစားချက် တွေးခေါ်ချက်တွေက တွေ့တဲ့ အတွေ့အကြုံ ပေါ်မှာမူတည်ပြီးတော့မှ ပြောင်းလဲရတာဖြစ်ပါတယ်။ ဒါဘယ်နေရာမဆို ဥပမာ ကျွန်တော် စစ်သားဆိုလို့ရှိရင်လဲ ကျွန်တော်တို့က တိုက်ပွဲ အတွေ့အကြုံမှာ မူတည်ပြီးတော့မှ ကျွန်တော်တို့က ဗျူဟာတွေ ပြောင်းလဲရတာ ရှိသလိုပေ့ါ။

အခုလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အခါမှာ လယ်ယာမြေကော်မရှင်မှာ ကျွန်တော်တို့ ပါတဲ့အခါမှာ ပြည်သူတွေ မြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ အမျိုးမျိုးအဖုံဖုံပေ့ါ။ အမျိုးမျိုး အဖုံဖုံနစ်နာမှုတွေ၊ မြေသိမ်းဆည်းမှုတွေ၊ တစ်ဘက်စောင်းမှုတွေ တစ်ဘက်သတ်မှုတွေ အကုန်လုံး သိလာတယ်။ အကုန်လုံးဆိုတဲ့အခါမှာ ၉၀% တော့ ထားပါတော့နော်။ ၁၀% လောက်ချန်ထား အဲလို သိလာတဲ့အခါမှာ ဒီအသိပေါ်မှာ မူတည်ပြီးတော့မှ  ကျွန်တော်တို့ ဘာလုပ်ရမှာလဲ။ ကျွန်တော် ဘာလုပ်သင့်သလဲဆိုတာကို ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ပေါ်မှာ အခြေခံပြီးတော့မှ ကျွန်တော်တို့က စဉ်းစားချက်တွေ ပေါ်လာမယ်။

ပင်ကိုယ်စိတ်ကတော့ လူတိုင်း မတရားတာ မကြိုက်ဘူး။ တစ်ဖက်သတ် နစ်နာတာ မကြိုက်ဘူး။ ဆင်းရဲတဲ့လူ၊ နစ်နာတဲ့လူပေါ်မှာ စာနာတယ်၊ လယ်သမားတွေ မြေသိမ်း ခံရပြီးတော့မှ လယ်မြေတွေပျောက်၊ အလုပ်အကိုင်မရှိ သားသမီးတွေကို ကျောင်းထုတ် ဟုတ်လား၊ ငါးရှာဖားရှာနဲ့ အသက်ကြီးပြင်း လာတယ်ဆိုတော့ ကိုယ်သာ အဲဒီနေရာမှာဆို ဘယ်လို နေမလဲဆိုတာ စဉ်းစားကြည့်ပေါ့။

အဲဒီတော့ ဒီဟာမျိုးတွေကို အတွေ့အကြုံအရ မိမိရဲ့ ပင်ကိုယ်စိတ်ဓာတ် စာနာစိတ်အရ ကျွန်တော်တို့က တိတိကျကျ နစ်နာအောင် ဖြေရှင်းပေးပါလို့ တစာစာ လွတ်တော်ထဲမှာ တောင်းဆိုခဲ့တယ်။ အစိုရကိုလည်း တိုက်တွန်းခဲ့တယ်။ အဲဒီတော့ ကျွန်တာ် စဉ်းစားတာက ဒီလို တိုက်တွန်းလိုက်လို့ ဒီလိုဆောင်ရွက်ချက်တွေကြောင့် အစိုးရက ဒီလိုမှန်းသိပြီး တော့က ဒီနစ်နာချက်တွေ ဖြေရှင်းပေးလို့ရှိရင် ပြည်သူချစ်တဲ့ အစိုးရဖြစ်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပြီးတော့မှ ကျွန်တော် ဆောက်ရွက်ခဲ့တာဖြစ်ပါတယ်။ အစိုးရကို ပြည်သူလည်းချစ်မယ်။ နစ်နာမှုတွေလည် ဖြေရှင်းပြီးသား ဖြစ်တယ်။ လွှတ်တော် အပေါ်မှာလည်း ပြည်သူလူထုတွေက လွှတ်တော် ကိုယ်စားလှယ် လုပ်လို့ပြန်ရတာ ဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်အပေါ်မှာလဲ ပြည်သူလူထု ယုံကြည် ကိုးစားမှု ရလာမှာ ဖြစ်တဲ့အတွက် ယုံကြည်ကိုးစားချက်နဲ့ ကျွန်တော်က ဆောက်ရွက်ခဲ့တာပါ။

ဒါပေမဲ့ ကျွန်တော် စဉ်းစားပုံ စဉ်းစားနည်းနဲ့ ကိုယ်ဖြေရှင်းပေးရမည့် အစိုးရပိုင်းက စဉ်းစားပုံ စဉ်းစားနည်းတွေနဲ့ တစ်ချို့ကိစ္စတွေမှာ တစ်ထပ်တည်းမကျဘူး။ လွှတ်တော်ထဲမှာ အခြေအတင်တွေဖြစ်ကြတယ်။ တစ်ထပ်ထည်းမကျဘူး။ နောက်ဆုံးမှာ ရေးကူး အသံလွှင့်ရုံ ကိစ္စဆိုရင် တော်တော်ကြီးကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတဲ့ သဘောရှိပါတယ်။ သို့သော်ဒါကတော့ မလုပ်ဖြစ်ဘူး ပေ့ါနော်။ ဒါပေမဲ့ ဒါခင်ဗျားတို့ ပိုသိပါတယ်။

အဲဒီတော့ တစ်ခါတစ်လေကျတော့ ကိုယ့်ဘက် ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ကိုယ့်ရဲ့ စဉ်းစားချက်က တစ်ဘက်ကျတော့ စဉ်းစားချင်မှ စဉ်းစားမယ်ဆိုတဲ့ အတွေးအခေါ်ပေ့ါ အဲဒီအတွေးအခေါ်တစ်ခု ကျွန်တော် ရခဲ့တယ်ဗျာ။

 

နောက်တစ်ခုက ကျွန်တော်အခု ဒီလမ်းကိုလာတော့ ကားငှားစီးလာတော့ အဲလိုမျိုး ကားမောင်းတဲ့ သူတွေကို နည်းနည်း မေးကြည့်တာပေ့ါ။ ဥပမာသူတို့ ကားမောင်းတဲ့နေရာ မှာ အဆင်ပြေပြေ နေရာမှာ မောင်းချင်တယ်။ အဆင်ပြေပြေ မောင်းချင်တယ်ဆိုတာက ဒီကားမောင်းဖို့ လိုအပ်တဲ့လမ်းပေါ့ကောင်းကောင်းမွန်မွန် ရှိစေချင်တယ်။ ပြီးရင် ပညာရေး ဆိုလည်း သူတို့ သားသမီးတွေအတွက် ပညာရေးကို ရချင်တယ်လို့ပြောတယ်။ သူတို့ရဲ့ လိုအပ်ချက် ကို ရာခိုင်နှုန်းပြည့်မဟုတ်ရင်တောင်မှ ထုတ်ပေးနိုင်တဲ့လူတွေကိုသာ မျှော်မန်းတယ်ပေ့ါ။ တကယ်လို့ ပြည်ခိုင်ဖြိုးကပေါ့နော် ကောင်းကောင်း မလုပ်ပေး နိုင်ဘူးဆိုရင် သူတို့အတွက် ကောင်းကောင်း ဖြစ်လာမှာမဟုတ်ဘူး။ အာဏာရရင်လည်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတေ့ာ ဒီလိုကောင်းကောင်း လုပ်ပေးမဲ့သူတွေ ကောင်းကောင်းလုပ်ပေးမဲ့ပါတီတွေကို လိုအပ်တယ်လို့ ကျွန်တော်ကြားလာခဲ့ရတယ်။

သူတို့က အပြောင်းအလဲလိုချင်တယ် ပြုပြင်ပြောင်းလဲမှု ပေ့ါနော်။ ကျွန်တော်တို့လည်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်သင့်တာတွေ တွေ့ပါတယ်။ အဲဒီတော့ ဘာတွေ ပြုပြင်ပြောင်းလဲ သင့်သလဲ အခုအသံတွေ အမျိုးမျိုး ကြားမှာပေ့ါ။ အခုငါးနှစ်တာ ကာလအတွင်းမှာ အမျိုးမျိုး ကြားပါလိမ့်မယ်။ အဲဒီတော့ ဒီဟာတွေ ပြုပြင်ပြောင်းလဲဖို့ ဆိုတာ လွတ်တော်က တိုက်တွန်းသလို၊ မဏ္ဍိုင်ရေး သုံးရပ်ပေ့ါ။ ဒါအပြန်အလှန် ထိန်းညှိပြီးတော့မှ ဦးတည်ချက်က အထူးသဖြင့် လူတွေဖွဲ့ဖြိုးတိုးတက်ဖို့ပေ့ါ။ လူမှုဘဝတွေ မြင့်မားဖို့ပေ့ါနော်။

အဲဒီဟာကို လုပ်နိုင်မည့် လူတွေကို ပြည်သူလူထု မျှော်မှန်းမှာဘဲ။ ဒါပေမဲ့ ဒီလိုအထက်က ပြုပြင် ပြောင်းလဲပေးပေမဲ့လည်း ကိုယ့်ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ့်ဘဝကိုယ် တိုးတက်ဖို့ ဆိုတာ ကိုယ်ကလည်း ကြိုးကြိုးစားစား၊ လုပ်ဖို့လည်း လိုသေးတာပေ့ါဗျာ။ ကိုယ်ကလည်း ကြိုးကြိုးစားစားနဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို အစဉ်တစ်စိုက် ထားပြီးတော့မှ လုပ်ဖို့ လိုသေးတာပေါ့။

အခုတက္ကစီတွေ မကိုက်ဘူး။ ဘာလို့မကိုက်လဲ ကားတစ်အား များတယ်လေ။ ယဉ်ကြောတွေ ပိတ်တယ်လေ။ အဲဒါက ဒီအစိုးရမို့လို့ နောက် အစိုးရကျတော့ ဒီအတိုင်းဘဲ ဖြစ်မှာဘဲ။ ဘယ်အစိုးရ တက်တက် တက္ကစီများတာကို နည်းအောင်လုပ်လို့ မရဘူးလေ။ ယာဉ်ကြော ပိတ်ဆို့တာကို မပိတ်ဆို့အောင် အတိုင်းအတာတစ်ခုဘဲ လုပ်နိုင်မှာ။ အခုနကပြောသလို့ ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ ဆိုတာက ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း ကြိုးစားဖို့လိုတယ်။

တစ်ခုတော့ ရှိတာပေ့ါဗျာ ပညာရေးစနစ်တို့ ဘာတို့ဆိုတာလည်း အခုကျွန်တော်တို့ သားသမီးတွေ ကလေးတွေ တကယ့်ကို ပညာရေးအဆင့်ဝင်တဲ့ ပညာရေးမျိုးတွေ သင်ချင်ရင် တစ်ခြားနိုင်ငံတွမှာ သွားသင်ကြတယ်လေ။ နိုင်ငံခြားဘွဲ့တွေ သွားယူနေကြတာ။ နိုင်ငံရေးဘွဲ့မှာ အရာရောက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အခုအဲဒါမျိုးတွေ သူများနိုင်ငံတန်းတူ ကျွန်တော်တို့ အဆင့်မြင့်ပညာရေးလုပ်ဖို့ ဆိုတာ၊ ချက်ချင်း လုပ်လို့မရဘူး လုပ်တော့လုပ်တာဘဲ ဥပဒေလဲ ပြဌာန်းပြီး လုပ်တာဘဲ အဖြေက ထွက်မလာသေးဘူး။ အချိန်ပေးရဦးမယ်။

အခုလက်တလော ဖြစ်ပျက်နေတဲ့ အကျပ်အတည်းတွေ ဘာတွေဆိုတာအခု ချက်ချင်းကြီး ဖြစ်လာတာ မဟုတ်ဘူး ဟိုးတုန်းကတည်းက အကြောင်းတရားတွေ စုလာပြီးတော့မှ တစ်ဖြည်းဖြည်း အကျိုးတရားတွေ ဖြစ်နေတဲ့ သဘောဘဲ။ အဲဒီ အကျိုးတရားတွေကို ပြေပျောက်အောင် ပြေလျှော့သွားအောင် လုပ်ဖို့ဆိုတာလည်း ချက်ချင်းကြီး မဖြစ်နိုင် သေးဘူးဗျာ။

ဆင်းရဲချမ်းသာ ကွာဟမှု တစ်အားကြီးတာတွေ ရှိတယ်။ အဲဒီဆင်းရဲချမ်းသာ ကွာဟမှုကို သိပ်မကြီးအောင် လုပ်ဖို့ဆိုတာ အချိန်တေ့ာ လိုသေးတယ်။ ဘယ်အစိုးရဖြစ်ဖြစ် အချိန်လိုတာဘဲ။ ဘယ်ပါတီတက်တက် အချိန်လိုမှာဘဲ။ မူဝါဒကတော့ ချာထား ပြီးသားဘဲ။ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေ ချထားပြီးသားဘဲ။ ဒါပေမဲ့ အဲဒီချထားတဲ့ အတိုင်း အတိအကျ ထိထိရောက်ရောက် လုပ်နိုင်တဲ့လူလိုတာ။ ဘယ်လောက် ဒီဂရီဖြစ်ပြီးလဲ ၁၀၀% ဖြစ်ပြီးလာ၊ ဒါမှမဟုတ် ၅၀% ဖြစ်ပြီးလာဆိုတာ ကျွန်တော်တို့က သေသေချာချာ လုပ်မှရမယ်။ ပြီးတော့ ဒါကလည်း ငါးနှစ်နဲ့ အကောင်အထည်မပေါ် လာနိုင်သေးပါဘူး။ နည်းနည်းဘဲ ပေါ်လာနိုင်တာပေ့ါ။ ဒါတွေ တကယ်လိုအပ်တဲ့ စံနှုန်းတစ်ခု လိုအပ်တဲ့ စံချိန်တစ်ခု ရဖို့ဆိုရင် အချိန်တော့ ပေးရဦးမယ်။

 

အခုဆိုရင် ၂၀၁၀ ကနေ ၂၀၁၅ ကို တက်မယ်ဆိုရင် ငါးနှစ်ပေ့ါလေး။ အဲဒီငါးနှစ် အတွင်းမှာ ဒီလိုမျိုး ရွေးကောက်ခံ အနေနဲ့ အစိုးရတွေပေါ်လာတယ်။ လွှတ်တော်လည်း ရှိလာတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တယ် ဒီငါးနှစ် ကာလအတွင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အန်ကယ်ဆိုရင် အရင်တပ်မတော် အစိုးရလက်ထက်မှ ရန်ကုန်မြို့တော် ဝန်ကြီး လုပ်ခဲ့တဲ့အခါကျတော့ အဲဒီတုန်းကနဲ့ အခုနဲ့ ဘယ်လို သိသိသာသာ ပြောင်းလဲတယ်လို့ အန်ကယ်ထင်လဲ ဘာပြောင်းလဲတာလဲ။ မပြောင်းလဲဘူးလာ၊ ဘယ်လောက်အထိ ပြောင်းလဲတယ်။

ကျွန်တော်ယူဆ တာကတော့နော် ကျွန်တော် စဉ်းစားမိတာကတော့ အဓိက အတွေးအခေါ် အယူအဆ ပြောင်းရမယ်။ ပြည်သူကို ဗဟိုပြုတဲ့ Mind-set  အဲဒီတော့ ကျွန်တော် စံနှုန်းနဲ့ တွက်မယ်ဆိုရင်တော့ ပြည်သူကို ဗဟိုပြုတဲ့ Mind-set  က ၅၀% လောက်ပဲ ပြောင်းသေးတယ်။ ဒါကလည်း အချိန် ပေးရဦးမှာပေ့ါနော်။ ၁၀၀% ပြည်သူ့ပေါ်မှာ ဗဟိုပြုတဲ့ ပြည်သူကို ဗဟိုပြုတဲ့ Mind-set  ၁၀၀% ဖြစ်ဖို့ဆိုရင် အချိန်တော့ ပေးရဦးမယ်။

ဥပမာ အခု သန်လျင်က ရေနံချက်စက်ရုံက ၁၉၉၁ ခုနှစ်က သင်တန်းကျောင်း ဆောက်မယ် ဆိုပြီးတော့ သိမ်းထားတဲ့မြေ ၃၄၂ ဧကရှိတယ်။ လယ်သမား ၃၂ ဦးရဲ့မြေ၊ ရေနံချက် စက်ရုံလည် မဆောက်ဖြစ်ဘူး။ သင်တန်းကျောင်းလည်း မလုပ်ဖြစ်ဘူး။ သိမ်းထားတာလည်း နှစ် ၂၀ လောက် ရှိပြီ။ ဥပဒေအရ မြေတစ်ဦးက သိမ်းပြီးလို့ရှိရင် အသုံးဝင်ပြီး ပြန်ပေးရမယ်။

အတိအကျပြော မယ်ဆိုရင် မြေတစ်ခုကို သိမ်းပြီးတော့ အသုံးမပြုရင် အစိုးရ ပြန်သိမ်းရမယ်။ သိမ်းပြီးတော့မှ အစိုးရက ပြန်ပြီးတော့မှ တစ်ခြား စီမံရမယ်လို့ ပြဌာန်း ထားတယ်။ တကယ်တော့ သူ့ဆီကသိမ်းတယ်။ သိမ်းပြီးတော့မှ အသုံးမပြုရင် သူ့ကို ပြန်ပေးရမှာပေ့ါ။ အခု ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေမှာ ပုဒ်မ ၃၂ မှာ သိမ်းဆည်းပြီး အသုံးမပြုရင် မူလပိုင်ရှင် ပြန်ပေးရမယ်လို့ ပြဌာန်းထားတယ်။

အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ အခုအဲဒီမြေတွေကို ကျွန်တော်တို့က အဲဒီဥပဒေအရ လယ်သမားကို ပြန်ပေးပါလို့ တောင်းတဲ့အခါမှာ အခုအထိမပေးဘူး။ ဘာကြောင့် မပေးလဲဆိုရင် Mind-set  မပြောင်းနိုင်သေးဘူး။ ပြည်သူကို ဗဟိုပြုတဲ့ Mind-set  မပြောင်းသေးဘူးလို့ ကျွန်တော် သုံးသပ်တယ်။ ပြည်သူဗဟိုပြုတယ် ဆိုရင် ပြန်ပေးလိုက်ပေ့ါ ပြည်သူပြန်ပြီး ရတာပေါ့။ အထောက်အထား တွေလည်း ရှိတယ်။ အဲဒီတော့ တကယ်ပြည်သူကို ဗဟိုပြုတဲ့ Mind-set   စစ်မှန်တဲ့ပြည်သူပေါ့ ကလိန်ကကျစ် တစ်ယောက်စ နှစ်ယောက်စ မဟုတ်မမှန်တဲ့ လူတွေတော့ မဆိုလိုပါဘူး။ တကယ်စစ်မှန်တဲ့ ပြည်သူတွေ မှန်မှန်ကန်ကန် နစ်နာနေတဲ့ အမှန်အကန် တောင်းဆိုတဲ့ ပြည်သူတွေရဲ့ နစ်နာမှုတွေကျရင်တော့ ပြည်သူကို ဗဟိုပြုသောအားဖြင့် ပြန်ပေးလိုက်ပေါ့။ ဒါမျိုးတွေ ဒီအတွေ့အကြုံအရ ကျွန်တော်တို့ Mind-set  တွေတော့ ပြည်သူကို ဗဟိုပြုတဲ့ Mind-set totally chane တော့ မဖြစ်သေးဘူးဗျာ။

 

နောက်တစ်ခုလောက် ထပ်မေးချင်ပါတယ်။ အဲ့ဒါက အားလုံးပေ့ါလေပြောနေကြတဲ့ဥစ္စာ မရိုးသေးတဲ့ အခုအချိန်အထိ မရိုးသေးတဲ့အရာတစ်ခု အာဏာရအစိုးရကော အခုအာဏာရပါတီ ပြည်ခိုင်ဖြိုးကော ပေ့ါလေး။ ယခင် ဗိုလ်ချုပ်မှူးကြီးဟောင်းနဲ့ ဆက်နွယ် ပတ်သက်မှုရှိသေးတယ်လို့ ပြောနေကြတဲ့ အပေါ်ကိုကော အန်ကယ် သိထားသလောက် ဘာများပြန်ပြီးတော့ ပြောဆိုချင်သလဲ။

ကျွန်တော် သိထားသလောက်တော့ ကျွန်တော်တို့ ဆက်နွယ်မှုရှိတယ် မရှိဘူးဆိုတာ ဘုရားပဲ သိမယ် ကျွန်တော်တော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲလို ဆက်နွယ်မှုတွေ ရှိတယ် မရှိဘူးသိရတဲ့ Position  မှာ ကျွန်တော်က မရှိပါဘူး။ ကျွန်တော့် ပါတီမှာဆိုလည်း ကျွန်တော်အခု ရိုးရိုးပါတီဝင်၊ ဒီဆက်နွယ်တယ် မဆက်နွယ်ဘူးဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင်ဘဲသိမယ်။ ကျွန်တော်က ကာယကံရှင် မဟုတ်ဘူးလေ။ ကျွန်တော်က သူများပြောမှ ကြားရတဲ့ အနေအထားမျိုး ဆက်နွယ်တယ် မဆက်နွယ်ဘူး ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်ပြောနိုင်ပါလိမ့်မယ်။ ကျွန်တော်တော့ မပြောနိုင်ဘူး။ လောလောဆယ်တော့ ကျွန်တော် အဲဒီကိစ္စမသိဘူး။

 

တကယ်လို့ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့နိုင်တဲ့ ရလဒ်တစ်ခု ထပ်ပြီးတေ့ာ ရလာခဲ့မယ်ဆိုရင် အန်ကယ့်အနေနဲ့ နိုင်ငံရဲ့တာဝန်ကို ထမ်းဆောင်နိုင်မယ့် အနေအထားက ဘယ်လိုဖြစ်လာမလဲ။

ကျွန်တော်က အသက်လည်း ကြီးပါပြီ။ နိုင်ငံ့ တာဝန်တွေလည်း ကျွန်တော်တို့ ထမ်းဆောင်ခဲ့ပြီးပြီလေ။ အာဏာဆိုတဲ့ သဘောလည်း ကျွန်တော်က တွေ့ပြီးပြီ။ ကျွန်တော်ရဲ့ လက်ကျန်ဘဝမှာ ကျွန်တော်ရဲ့ သမိုင်းကို ကျွန်တော်ရေးရမှာ ကျွန်တော့် သမိုင်းက ဟိုးဗိုလ်ချုပ်အောင်ဆန်းတို့လို အလွန်မြင့်မြတ် ကြီးကျယ်တဲ့ သမိုင်းတေ့ာ မဖြစ်နိုင်ပါဘူး။ အဲလို တစ်အားမြင့်မြတ် ကြီးကျယ်တဲ့ သမိုင်းမျိုး မဟုတ်ပေမဲ့ သာမန်ပေ့ါနော် ပြည်သူ့ ကိုယ်စားလှယ် ပြည်သူ့ဘက်တော်သား တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းတစ်ခုကို ကျွန်တော်က လိုချင်တာပါ။

အဲဒီတော့ ဒီအာဏာတစ်ခု သွားရပြီးတော့မှ အာဏာရ အစိုးရရဲ့ အာဏာရ ဝန်ကြီး တစ်ပါးပါး လုပ်ရမယ်ဆိုရင် ကျွန်တော်အဖို့ အများကြီး စဉ်းစားစရာ လိုတယ်။ ကျွန်တော်တို့က အာဏာနဲ့ ပတ်သက်ပြီးတော့မှ သင်ခန်းစာတွေလည်း အများကြီး တွေ့နေ တာဘဲလေ။ နောက်တစ်ခုကလည်း ကျွန်တော် ဒီအသက်အရွယ်မှာတော့ သူများစိတ်နဲ့ ကိုယ့်ကိုကို မလုပ်သင့်တော့ဘူးလို့ ထင်တာဘဲ။

 

နောက်ပြီးတော့ ဒီပြည်သူလူထု ပြည်သူလူထုဆိုတာ အကုန်လုံးပေ့ါ။ ပြည်ခိုင်ဖြိုးကို ထောက်ခံတဲ့ သူလည်း ပါတယ်။ NLDကို ထောက်ခံတဲ့ သူလည်းပါမယ်။ ပါတီတိုင်းကို ထောက်ခံတဲ့သူတွေအကုန်လုံး အဲဒီတော့ အန်ကယ် အနေနဲ့ အဲဒီမဲဆန္ဒရှင်တွေကို ပြည်သူတွေကိုပေ့ါလေ။ အန်ကယ် ဖြတ်သန်းလာတဲ့ အတွ့အကြုံတွေ အရ ဘယ်လို သတင်းစကား ပါးချင်လဲ။

ပါတီကိုမကြည့်နဲ့ လူကို ကြည့်ရွေးပါလို့ဘဲ ပြောချင်တယ်။ ကိုယ်စားလှယ် ကောင်းမှ တိုင်းပြည် ကောင်းမယ်။ ခေါင်းဆောင်မှု အရည်အချင်းရှိတဲ့လူတွေ ခေါင်းဆောင်တွေကို ရွေးပါလို့ ပြည်သူ့ ဘက်တော်သား စစ်စစ်တွေကို ရွေးပါ။ ပြည်သူ့ ဘက်တော်သား ဆိုတဲ့နေရာမှာလည်း စွမ်းရည်ရှိတဲ့ ရဲစွမ်းသတ္တိရှိတဲ့ အရည်အချင်းရှိတဲ့ ပြည်သူ့ ဘက်တော်သားတွေရွေးပါ။ ပါတီကိုမကြည့်ပါနဲ့။

 

နောက်တစ်ခု အဲဒီဟာ ထပ်ပြီးတော့ပေ့ါ အန်အယ်အခု အသက် ၆၀ ကျော်ပြီလို့ ပြောလာတယ်ပေ့ါ နော်။ ဒီလိုမျိုး ပြည်သူ့ တာဝန်ဘဲပြောပြော ပြန်သ ူ့တာဝန်နဲ့ ဆက်စပ်တဲ့ နိုင်ငံ့တာဝန်ဘဲပြောပြော အဲလိုမျိုး ထမ်းဆောင်လာတာတွေကို အနားယူစိတ်တို့ဘာတို့ အဲလိုမျိုးစိတ်တွေရှိလာ။ ဘယ်လိုမျိုးကော ဆုံးဖြတ်ထားလဲ။

အနားယူချင်တာ မဟုတ်ပါဘူး ကျွန်တော်တို့ မျှော်မှန်တဲ့ ပန်းတိုင်ရောက်အောင် တွန်းကြရ ဦးမယ်လေ။ အရွေ့တစ်ခုကို တွန်းကြဦးမယ်။ ဒီမိုကရေစီ အထွဋ်အထိပ် နိုင်ငံဖြစ်အောင် အုတ်တစ်ချပ် သံတစ်ပွင့်အဖြစ် ကျွန်တော်ဆက်ပြီးတော့ ပါဝင်ရဦးမယ်လို့ ယူဆ ထားတယ်နော်၊ ကျင့်စဉ်တွေဆိုတာ အများကြီး ကျယ်လဲ ကျယ်ပြန့်တယ်။ အများကြီး မြင့်မြတ်တယ် အများကြီးကျယ်ပြန့်တယ်။ အဲဒီ အထွဋ်အထိပ် ရောက်ဖို့ဆိုတာ အများကြီးဘဲ ကြိုးစားရဦးမှာ ဒီလောက်နဲ့မရဘူး။

 

အခုအနေအထားနဲ့ဆိုရင် ဘယ်လောက်လောက်ရောက်ပြီးလို့ပြောလို့ရလဲ။

ကျွန်တော်တို့က သက်တမ်း ငါးနှစ်ပဲ ရှိတယ်လေ။ အမေရိကန်တို့လို ဒီမိုကရေစီ အထွဋ်အထိပ် နိုင်ငံတောင် နှစ်ပေါင်းနှစ်ရာ၊ သုံးရာကျမှ အထွဋ်အထိပ် ရောက်တယ်ဆိုပေမဲ့ သူက အထွဋ်အထိပ် ရောက်တယ်လို့ ပြောလို့ မရသေးဘူး။ သူ့ဆီမှာ လွတ်လပ်ခွင့် ရှိပြီလား။ တရားမျှတပြီလား။ မရှိသေးပါဘူး နော်။ အဲဒီတော့ ကျွန်တော်တို့ ကျတော့ကော ကျွန်တော်တို့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေ အများကြီးဘဲ။ လယ်သမားကိစ္စတွေ လယ်ယာမြေ သိမ်းခံတယ်လိုက်မှ ကျွန်တော်သိရတယ်။

အဲဒီတော့ ကျွန်တော်တို့က အချိန် ယူရဦးမယ်လို့ အဲဒါကြောင့်ပြောတာ။ သဘောတရား အရ မူဝါဒတွေကတော့ ဒါ တိုင်းပြည်မှာ ဒီမိုကရေစီဆိုတာ တရားသဖြင့် ဖြစ်ရမယ်၊ မျှမျှတတ ဖြစ်ရမယ်။ လွတ်လပ်ရမယ် ဆိုတာတွေကတော့ ဒါကျယ်ကျယ်ပြန့်ပြန့် အကုန်လုံး သိနေကြပါပြီး။ တကယ်လွတ်လပ်ပြီလား။ တကယ် တရားမျှတ တာတွေချည်းဘဲ ရှိနေပြီလား။ မတရားတာတွေ မရှိတော့ဘူးလာ။ ရှိနေသေးတယ် လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီးတော့မှ မမျှတတာတွေ မတရားတာတွေရှိနေသေးတယ်။ လက်တွေ့ပဲ။ အများကြီးပဲ။ ဒါတောင် ကျွန်တော်က ပြည်သူ့ကြားထဲမှာ ထဲထဲဝင်ဝင် ရောက်နေတာ မဟုတ်သေး ဘူး။

ကျွန်တော်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရတဲ့ အမှုကို စစ်ဆေးရတဲ့ ကော်မရှင်မှာ ပါလိုက်တဲ့အတွက် အဲဒီအတွေ့အကြုံလေးက ဒါတွေသိရတယ်။ လွတ်လပ်မှု မရှိတာတွေ မျှတမှုမရှိတာတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေကို သိအောင် အာဏာပိုင်တွေက လုပ်ပြီးတော့မှ ပြည်သူကို ဗဟိုပြုတဲ့စိတ်ထားနဲ့ ဖြေရှင်းပေးပါလို့ တောင်းဆိုချင်တယ်။

 

နောက်ဆုံးပါဘဲ ၂၀၁၅ အလွန်မှာ အန်ကယ် ဥပမာပေ့ါ အန်ကယ်စိတ်ထဲမှာ မျှော်မှန်ထားတဲ့ အစိုးရတစ်ရက်က ဘယ်လိုပုံစံ အစိုးရတစ်ရက်ရက်ကို မျှော်မှန်းထားတာ ရည်မှန်းထားတာရှိလဲ။

ကျွန်တော်မျှော်မှန်းထားတာရှိပါတယ်။ ၂၀၁၀၊ ၂၀၁၅ အလွန် အစိုးရ တစ်ရပ်သည် မိမိတို့ ဝန်ကြီးဌာနတွေရဲ့ ဝန်ထမ်းတွေကို ပြည်သူ့ ဝန်ထမ်းဖြစ်အောင် မိမိတို့ တာဝန်ယူတဲ့ ငါးနှစ် အတွင်းမှာ ပြုပြင်ပြောင်းလဲနိုင်ပါစေလို့နော်။ ဝန်ထမ်းတွေ အဆင့်ဆင့်သော ဝန်ထမ်းတွေရဲ့ စိတ်တွေ ပြုပြင်ပြောင်းလဲနိုင်ရမယ်။ အခု ကျွန်တော်စဉ်းစားတယ်။ အခု အစိုးရသက်တမ်း ကာလအတွင်းထဲမှာ ဝန်ထမ်းတွေရဲ့ အကျင့်တွေ ရှေးရိုးစွဲနေတဲ့ အကျင့်တွေ၊ လုပ်ပိုင်ခွင့်ကို အခြေခံပြီးတော့မှ အမြတ်ထုတ်တဲ့ဟာတွေ ဘယ်လောက် ပြောင်းလဲနိုင်ခဲ့ပြီးလဲဆိုတာ အဲဒီဝန်ကြီးတွေ အခြေခံကျကျ အတွင်းကျကျ စိစစ်သင့်တယ်။ သူ့တာဝန်ဒါပဲ။

မိမိတို့တာဝန်ယူထားတဲ့ဌာနက ဝန်ထမ်းတွေ တကယ်ပဲ သန့်သန့်ရှင်းရှင်းနဲ့ လုပ်ပြီလား။ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီးတော့မှ မျှော်ကိုးပြီးတော့မှ ဥပမာ ကျွန်တော့် အသိတစ်ယောက် လယ်ယာမြေ ကနေပြီးတော့ ဥယျဉ်ခြံမြေ လျှောက်တယ်။ အခုထိ အခေါက်ခေါက် အခါခါ တိုင်းရုံးလာခေါ်တယ်။ မကျလာဘူး။

ဒါပေမဲ့ဥပဒေအရ သူရပိုင်ခွင့် ရှိတယ်။ ရပိုင်ခွင့်ရှိတာကို အခေါက်ခေါက် အခါခါ အောင်ခြေမှာ လုပ်တယ်။ အဲဒါမျိုးတွေ တစ်ပြည်လုံးက အများကြီး ဒါဒီမြေကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာတစ်ခုဘဲ ရှိသေးတယ်။ အဲဒီတော့ ငါးနှစ်သာ ရှိတယ် ဒီမိုကရေစီ အစိုးရအနေနဲ့ ပြောရင် ဒီဝန်ထမ်းတွေရဲ့ အကျင့်ကို မပြောင်းနိုင်ပါလားလို့ ကျွန်တော် တွေးမိတယ်။ အဲဒီတော့ နောင်လာမယ့်အစိုးရသည် ဝန်ထမ်းတွေရဲ့ အကျင့်ဆိုး စရိုက်ဆိုးတွေကို ပြောင်းလဲနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းတယ်။

 

အန်ကယ် ဒီလိုမျိုး ကျွန်တော် မမေးမိတာကော မပြောခဲ့တာတော့ ရှိသေးရင်တော့ အခုနောက်ဆုံးက ပြောပေးပါ။

ခင်ဗျား နောက်ဆုံးမေးတဲ့ မေးခွန်းက ကျွန်တော်စဉ်းစားချက်နဲ့ သွားတိုက်ဆိုင် တာပေ့ါနော်။ အဲဒီတော့ အစိုးရတစ်ရက် ငါးနှစ်သက်တမ်း အတွင်းမှာ မိမိဌာနက ဝန်ကြီးတွေပေ့ါ၊ မိမိတို့ ဝန်ကြီးဌာနက ဝန်ထမ်းတွေကို သန့်ရှင်းသော၊ ရိုးသား ဖြောင့်မတ်သော ဝန်ထမ်းတွေဖြစ်အောင် ဘယ်လောက်များ လုပ်ခဲ့နိုင်ပါသလဲလို့။ အဲဒီဝန်ကြီးတွေ စဉ်းစားမိကြရဲ့ လားမသိဘူးလို့ ကျွန်တော်က အခါခါ စဉ်းစားမိတယ်ဗျာ။ ကျွန်တော်ကတော့ ဝန်ကြီးလုပ်ရမယ် ဆိုရင်တော့ ကျွန်တော်ကို တာဝန်ပေးမယ် ဆိုရင်တော့ အဲဒါတွေ အရင်စပြောင်းမယ်။ ဝန်ထမ်းတွေ အခုနက ပြောသလို လစာတွေလည်း ကြိုပေးထားပြီးပြီ။ အခုနကပြောသလိုပေ့ါ ပြည်သူတွေက ရပိုင်ခွင့်ကို မိမိရဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီးတော့မှ တစ်စုံတစ်ခုကို မျှော်ကိုးပြီးတော့မှ အချိန် ဆွဲနေတာတွေအများကြီးဘဲ။ အရင်ကအတိုင်းပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly