ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကို ငွေကြေးထောက်ပံ့ရန် IDAထံမှ ချေးငွေ ရယူရေး လွှတ်တော်အတည်ပြု

ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကို ငွေကြေးထောက်ပံ့ရန် IDAထံမှ ချေးငွေ ရယူရေး လွှတ်တော်အတည်ပြု
ဓာတ်ပုံ- EPA

နေပြည်တော်၊ ဇွန်လ ၈ ။              ။ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော၂နှစ်အောက် ကလေးငယ်များအတွက် ငွေကြေး ထောက်ပံ့ပေးရန် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန် ဒေါ်လာ သန်း (၁၀၀) ချေးယူရေး ကိစ္စကို ဇွန်လ ရရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် အတည်ပြုခဲ့သည်။

အဆိုပါ အစီအစဉ်ကို လူဦးရေနှင့် ကျန်းမာရေးစစ်တမ်း ၂၀၁၅-၁၆ အရ ပုညှက်မှုနှုန်းမြင့်မားလျက်ရှိ သည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်းများအတွက် ငါးနှစ်စီမံကိန်းရေးဆွဲ၍ လုပ်ဆောင်သွားမည်ဟု  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

“လက်ရှိဆောင်ရွက်ပေးနေသောတိုင်းဒေသကြီးပြည်နယ်များနောက်တွင်ဆက်လက်ဆောင်ရွက်ပေးရန်လျာထားမှုအနေနဲ့၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင်ကချင်ပြည်နယ်၊မွန်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင်မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင်တနင်္သာရီတိုင်းဒေသကြီးတို့၌တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ကာလလတ် အစီအစဉ်ဖြင့် ငါးနှစ် စီမံကိန်းရေးဆွဲ လျာထားပြီးဖြစ်ပါတယ်။ ကျန်ပြည်နယ်တိုင်း ဒေသကြီးများကို လည်းငါးနှစ်တာကာလနောက်ပိုင်းဘဏ္ဍာရေးနှစ်များမှာကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကသုတေသနပြုထားသော လူဦးရေနဲ့ ကျန်းမာရေးဆိုင်ရာ စစ်တမ်း ၂၀၁၅  -၂၀၁၆ ပါ ပုညှက်မှု နှုန်းများအရ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးစိုးအောင်က ပြောသည်။

အဆိုပါထောက်ပံ့ကြေးပေးသည့် အစီအစဉ်အရ ကိုယ်ဝန်ဆောင်စဉ် မိခင်တစ်ဦးအတွက် ကျပ်တစ် သောင်းခွဲ ထောက်ပံ့သွားမည်ဖြစ်ပြီး ကလေးမွေးဖွားပြီးချိန်တွင် မိခင်အတွက် ရရှိတော့မည် မဟုတ်ဘဲ ကလေးအတွက်သာ အဆိုပါ ထောက်ပံ့ငွေကြေးကို ဘဝအစ ရက်တစ်ထောင်အတွင်း အဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက် လုပ်ဆောင်သွားမည်ဟု သိရသည်။

“အကျိုးခံစားခွင့်အတွက်အကျုံးဝင်မှုကာလနဲ့ပတ်သက်ပြီးကိုယ်ဝန်ဆောင်မိခင်များနဲ့၄င်းတို့မှမွေးဖွားလာသောအသက်၂နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့သည့်အစီအစဉ်ဟုဖော်ပြထားခြင်းမှာအစီအစဉ်စတင်သည့်အချိန်ကာလဥပမာ၂၀၁၉ခုနှစ်အောက်တိုဘာ၁ရက်တွင်ကိုယ်ဝန်ဆောင်ထားသောကိုယ်ဝန်ဆောင်မိခင်များအားလုံးနဲ့၄င်းနေ့ရက်နဲ့နောက်ပိုင်းမှာမွေးဖွားသောကလေးသူငယ်များအားလုံးကိုအကျိုးခံစားခွင့်ပေးမှာဖြစ်ပါတယ်။ဒီ့အပြင်အကျိုးခံစားခွင့်ငွေကြေးအနေနဲ့မိခင်ကတစ်သောင်းခွဲကျပ်၊ကလေးကတစ်သောင်းခွဲကျပ်၊တစ်ပြိုင်နက်တည်းခံစားရမှာမဟုတ်ဘဲကိုယ်ဝန်ဆောင်စဉ်မှာမိခင်ကိုပေးခြင်းဖြစ်ပြီးတော့ မှ မွေးဖွားပြီးတဲ့ အခါမှာ ကလေးအတွက်ပေးခြင်း ဖြစ်တဲ့အတွက်က တစ်လကို သူတို့ ၂ ယောက်အတွက်က တစ်သောင်းငါးထောင်ကျပ်သာ ရရှှိမှာ”ဟု ဦးစိုးအောင်က ပြောသည်။

ထိုကဲ့သို့ ထောက်ပံ့ကြေးငွေများကို ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက်  အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသိပညာပေးလုပ်ငန်းများကို ထိ ရောက်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အထက်ပါ ထောက်ပံ့ခြင်းအစီအစဉ်ကို မြန်မာနိုင်ငံ၏ နယ်နမိတ်အတွင်း မှီတင်းနေထိုင်သည့် လူများအားလုံးကို မည်သည့်အချက်ပေါ်မှာမှ အခြေခံကာခွဲခြားသွားမှာ မဟုတ်ပဲ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်းနှင့် ကလေးအတွက် ကာကွယ်ဆေးထိုး မှတ်တမ်းရှိသူ အားလုံးကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required