၁၈နှစ်အောက် ကလေးသူငယ်ကို အတင်းအကျပ်လက်ထပ်ခိုင်းပါက ထောင် (၇)နှစ်အထိ ချမှတ် နိုင်သော ဥပဒေကို လွှတ်တော်အတည်ပြု

၁၈နှစ်အောက် ကလေးသူငယ်ကို အတင်းအကျပ်လက်ထပ်ခိုင်းပါက ထောင် (၇)နှစ်အထိ ချမှတ် နိုင်သော ဥပဒေကို လွှတ်တော်အတည်ပြု

နေပြည်တော်၊ ဇွန်လ ၈ ။                    ။ အသက် ၁၈နှစ်အောက် ကလေးသူငယ်ကို လက်ထပ်ခိုင်းပါက အမြင့်ဆုံး ထောင် (၇)နှစ်အထိ ချမှတ် နိုင်သော ဥပဒေကို ဇွန်လ (၇)ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြ႒ာန်းခဲ့သည်။

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲနေသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီးနောက် ထိုသို့ အတည်ပြု ခဲ့ခြင်းဖြစ်သည်။

အထက်ပါ ဥပဒေကြမ်းကို ကိုယ်စားလှယ် (၇) ဦးက ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်၏ ပြ႒ာန်း ချက်တိုင်း အတည်ပြုပေးရန် ဆွေးနွေးမည့်သူ မရှိဘဲ၊ ကိုယ်စားလှယ် (၆)ဦးက အမျိုးသားလွှတ်တော် ၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြုပေးရန်နှင့် ကျန်တစ်ဦးက ပယ်ဖျက်ပေးရန် ဆွေးနွေးခဲ့သည်။

ဥပဒေကြမ်းကို ထောက်ခံဆွေးနွေးခဲ့သော ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က အရွယ်မတိုင်ခင် အိမ်ထောင်ကျခြင်းများကြောင့်  မွေးကင်းစ ကလေးသေဆုံးနှုန်း မြင့်တက်လာခြင်း၊ ပညာရေး၊ လူမှုရေးများ၊ စီးပွားရေးများ တွင် နောက်ကျခြင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံဖြစ်ရခြင်းနှင့် လူသားဖွံ့ဖြိုးမှု အညွန်းကိန်းနောက်ကျခြင်း တို့ကြောင့် အသက် (၁၈)နှစ် ပြည့်မှသာ လက်ထပ်ထိမ်းမြားမှုကို ပြုသင့်ကြောင်း ဆွေးနွေးခဲ့သည်။

“ကျွန်မတို့ဟာ  အမျိုးသမီးတွေရဲ့ ရှေ့ရေး ၊ ကျွန်မတို့နိုင်ငံမှာ လူဦးရေက (၅၀ )ရာခိုင်နှုန်းကျော် ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးငယ်တွေ ၁၈နှစ်အောက်ရှိတဲ့ အမျိုးသမီးငယ်တွေရဲ့ ရှေ့ရေး ၊ သူတို့ရဲ့ မွေးဖွားလာတဲ့ ကလေးတွေရဲ့ အနာဂတ် လူသားအရင်းအမြစ်တွေရဲ့ ရှေ့ရေးကို ရည်ရွယ် ပြီးတော့မှ ၁၈နှစ်ပြည့်မှ လက်ထပ်ရမယ်ဆိုတာကို ကျွန်မတို့ အတိအလင်းကို ဥပဒေနဲ့ကို အကာအကွယ်ပေးပြီးတော့ ပြဌာန်း သင့်ပါတယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နိုင်ငံက လာမယ့် လူသားအရင်းအမြစ်တွေက အရမ်းကိုပဲ  စိုးရိမ်စရာရှိပါတယ်”ဟု ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။

ထို့ပြင် ယခုလက်ရှိ ကျင့်သုံးနေသည့် ဓလေ့ထုံးတမ်း အစဉ်အလာ အများစုသည် ခေတ်နှင့် လိုက်လျောညီထွေမရှိကြောင်းကို ၄င်းသွားရောက်ခဲ့သော တိုင်းရင်းသားဒေသများထဲမှ နာဂဒေသကို ဥပမာပေးကာ ဆွေးနွေးခဲ့သည်။

“ဥပမာ နာဂဒေသကိုသွားတယ် ဆိုရင် အဲ့ဒီမှာရှိတဲ့ နာဂ တိုင်းရင်းသူလေးတွေသူတို့ စောစော စီးစီး လက်မထပ်ချင်ပါဘူး။ ကျွန်မတို့ပြည်မမှာ ရှိတဲ့ ပြည်သူတွေလိုပဲ သူတို့ပညာသင်ချင်တယ်။ အလုပ် အကိုင် အခွင့်အလမ်းတွေ ကောင်းကောင်းရချင်တယ်။ ဝင်ငွေကောင်းချင်တယ်။ သူတို့ရဲ့ ဘဝကို သူတို့ဘာသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။  ဒါကြောင့်မို့လို့ ကျွန်မ ဒီဥပဒေက အထူးသဖြင့် အမျိုး သား၊ အမျိုးသမီး တန်းတူ ဖြစ်ရမှာဆိုပေမယ့်လည်း ဒီဥပဒေ ဟာ ဒီပြဌာန်းချက်ဟာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ဘဝကို အလွန်လွန်ပဲ ထိခိုက်စေပါတယ်”ဟု သူကပြော သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း၏အပိုဒ်(၂၃)ကို ပြည်သူ့လွှတ်တော်က အသက် ၁၈ နှစ်အောက်ဆိုသည့် အချက်ကို ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ “အမျိုးသား နှင့် အမျိုးသမီး တို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် ၁၈နှစ်ပြည့်ပြီး ဖြစ်ရမည်”ဟု ထည့်သွင်း ခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက“ အမျိုးသားနှင့် အမျိုး သမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများ တွင် သတ်မှတ်ထားသည့်အတိုင်းဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြား လက်ထပ်ခြင်းစာချုပ် ချုပ်ဆို၍ လက်ထပ်ခြင်း သို့မဟုတ်  ကတိသစ္စာပြု၍ ထိမ်းမြားခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ် ပြုနိုင်သည့် အသက်သည်  ၁၈နှစ်ပြည့်ပြီးဖြစ်ရမည်”ဟု ပြင်ဆင်ပြ႒ာန်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်း၏ အပိုဒ်(၂၃) အပေါ်တွင်ပယ်ဖျက်ပေးရန် အဆိုတင်သွင်းသူနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ကို ပထမဆုံးမဲခွဲဆုံးဖြတ်စေခဲ့ကာ ပူးပေါင်းကော်မတီအတိုင်းထားရန် ထောက် ခံမဲ ၂၃၄မဲ၊ ကန့်ကွက်မဲ ၁၈၈မဲ၊ ကြားနေမဲ(၃)မဲဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီက  အနိုင်ရရှိခဲ့ သည်။

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့်  အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းထားရှိ ရန်ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့ကာ မဲပေးခွင့် ရှိသူ ၄၈၈ ဦးအနက် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အတည် ပြုချက်အတိုင်းထားရန် ထောက်ခံမဲ ၁၈ဝမဲ၊ ကန့်ကွက်မဲ ၂၃၅မဲနှင့် ကြားနေ(၄)မဲတို့ဖြစ်ခဲ့သောကြောင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိရေးက အနိုင်ရရှိခဲ့သည်။

ထို့ဥပဒေတွင် အသက် ၁၈နှစ်အောက် ကလေးများကို လက်ထပ်စေခြင်းပြုပါက ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး ဒုက္ခများစွာရှိသည့်အတွက် ကလေးသူငယ်ကို အတင်းအကြပ်(သို့မဟုတ်) လက်ထပ်စေခြင်းပြုလျှင် ပြစ်မှု၊ ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်(၁)နှစ်မှ (၇)နှစ်ထိ၊ ငွေဒဏ် (၁၀) သိန်းမှ သိန်း(၂၀)ထိ ချမှတ်နိုင်သည်ဟု အခန်း(၇) ပြစ်မှုပြစ်ဒဏ်ခန်း (၁၀၅)(က)(၅)တွင် ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required