ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးမှ တရားဝင် နုတ်ထွက်ပြီ

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ရာထူးမှ တရားဝင် နုတ်ထွက်ပြီ

လန်ဒန်၊ ဇွန် ၈ ။          ။ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ထရီဆာမေဟာ ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးအကဲအဖြစ်ကနေ နုတ်ထွက်တဲ့ စာကို ဇွန် ၇ ရက်နေ့မှာ လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။

ထရီဆာမေအနေနဲ့ သူ့ရဲ့ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံမယ့်သူ မရွေးကောက်ရသေးတဲ့ အချိန်အတွင်း ယာယီဝန်ကြီးချုပ်အဖြစ်နဲ့ပဲ တာဝန်ယူသွားရတော့မှာပါ။

ဇူလိုင်လကုန်လောက်မှာတော့ ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ဖို့ စီစဉ်ထားကြပါတယ်။

ခုလို ထရီဆာမေ နုတ်ထွက်ပြီ ဖြစ်တာကြောင့် အစိုးရအကြီးအကဲ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရမယ့် ပါတီခေါင်းဆောင်နေရာကို ကွန်ဆာဗေးတစ်ပါတီအတွင်း ယှဉ်ပြိုင်ကြရတော့မှာပါ။

ပါတီအကြီးအကဲအဖြစ် ရွေးကောက်ခံရသူဟာ ဝန်ကြီးချုပ်ဖြစ်လာပြီး ရှေ့မတိုးနိုင်ဘဲ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ ဥရောပကနေ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ်အရေးကို ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ပါတီအကြီးအကဲနဲ့ ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်ဖို့ စာရင်းပေးကြေညာထားတဲ့ အမတ် ၁၁ ဦးအထိ ရှိပါတယ်။

အဲဒီ ပါတီအကြီးအကဲနေရာ ယှဉ်ပြိုင် အရွေးခံမယ့် အမတ်တွေအနေနဲ့ အခြား အမတ် ရှစ်ဦးရဲ့ ထောက်ခံချက် ရှိရမှာဖြစ်ပါတယ်။

ဒီနောက်မှာ ဇွန် ၁၃၊ ၁၈၊ ၁၉ နဲ့ ၂၀ ရက်တွေမှာ  လျှို့ဝှက်မဲပေးမှုတွေ လုပ်ဆောင်ပြီး သီတင်းလေးပတ်ခန့်အကြာ ဇူလိုင် လကုန်လောက်မှာတော့ ရွေးကောက်ခံရသူကို ကြေညာမှှာ ဖြစ်ပါတယ်။

ဘရစ်ဇစ်အရေးနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ထရီဆာမေဟာ ဖိအားတွေကြောင့် ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ မှာ သုံးနှစ်လောက်နီးပါး တာဝန်ထမ်းရွက်ခဲ့အပြီးမှှာ ခုလို နုတ်ထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly