ဆယ်နှစ်နီးပါး ရပ်နားထားသည့် မကွေးလေဆိပ် လေယာဉ်ခရီးစဉ် ဇွန် ၂၅ ရက်တွင် ပြန်ပြေးဆွဲပြီ

ဆယ်နှစ်နီးပါး ရပ်နားထားသည့် မကွေးလေဆိပ် လေယာဉ်ခရီးစဉ် ဇွန် ၂၅ ရက်တွင် ပြန်ပြေးဆွဲပြီ

မကွေး၊ ဇွန် ၈ ။       ။ ၂၀၀၈ ခုနှစ်တည်းက လေယာဉ်ခရီးစဉ် ပြေးဆွဲမှုရပ်နားထားခဲ့သည့် မကွေးလေဆိပ်တွင် လာမည့် ဇွန် ၂၅ ရက်နေ့မှ စတင်ကာ လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည် ဖြစ်သည်။

" မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းကို မကွေးမှာ လေယာဉ်ပြေးဆွဲပေးဖို့ မကွေးတိုင်းဝန်ကြီးချုပ်က စာထုတ်တောင်းဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့ဧပြီလကုန်မှာ လေယာဉ်ခရီးစတင်ပြေးဆွဲဖို့ ရှိခဲ့ပေမယ့် လိုအပ်ချက်တွေရှိခဲ့တာကြောင့် အခု ဇွန် ၂၅ ရက်၊  စနေနေ့မှာ ပထမဆုံးအကြိမ် စတင်ပြေးဆွဲရမှာဖြစ်ပါတယ်" ဟု   မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မကွေးတိုင်းဇုန် ဥက္ကဋ္ဌ၊မကွေးလေကြောင်းလိုင်းကိုယ်စားလှယ် ဦးစံထွေးက ပြောသည်။

မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ရှိ မကွေးလေဆိပ်တွင် ၂၀၀၃ ခုနှစ်က စတင်ပြေးဆွဲခဲ့သော်လည်း ၂၀၀၈ တွင် ရပ်နားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ခရီးစဉ်များမှာ တစ်ပတ်လျှင် ၂ ကြိမ်ဖြစ်ပြီး စနေနှင့် အင်္ဂါနေ့များတွင် ပြေးဆွဲမည်ဖြစ်ကာ ခရီးစဉ်အနေနှင့် ရန်ကုန်၊မကွေး၊အမ်းမြို့များသို့ ပြေးဆွဲမည် ဖြစ်သည်။

ပြေးဆွဲမည့် လေယာဉ်အမျိုးအစားမှာ (ATR72) အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးသည်ဦးရေ ၆၀ ဝန်းကျင် လိုက်ပါနိုင််မည်ဖြစ်ကာ ဖလိုက်အချိန်မှာ နံနက် ၈ နာရီနှင့် ၁၀ နာရီကြားအချိန်ဟု သိရသည်။

" မကွေးခရီးစဉ်မှာ စီးသူနည်းနိုင်တဲ့အတွက် အမြတ်နည်းသလို အရှုံးလည်းပေါ်နိုုင်ကြောင်း (MNA) အနေနဲ့ ခန့်မှန်းထားတယ်။ မကွေးမြို့မှာ ဒေသခံခရီးသည်တွေအပြင်၊ တက္ကသိုလ်(၆)ခုမှ ဆရာကြီး၊ဆရာမကြီးများ၊(NGO)အဖွဲ့များရှိသလို တိုင်းစစ်ဌာနချုပ်(၃)ခုလည်း ရှိတဲ့အတွက် အရင်ကလိုမဟုတ်ဘဲ စီးမဲ့သူတွေပိုများနိုင်တယ်" ဟု မကွေး လေကြောင်းလိုင်းကိုယ်စားလှယ် ဦးစံထွေးက ဆိုသည်။

လက်ရှိတွင် ရန်ကုန်-မကွေး လေယာဉ်လက်မှတ်မှာ တစ်ဦးကို(၆၈၀၀၀)ကျပ် သတ်မှတ်ထားပြီး မကွေးရှိ နန်းထိုက်သူဟိုတယ်တွင် လေယာဉ်လက်မှတ်အရောင်းဌာန ဖွင့်လှစ်ထားရှိကာ အွန်လိုင်းကနေတဆင့် E Ticket များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ လက်မှတ်များကို ဇွန် ၂၀ ရက်မှ စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

မကွေးလေဆိပ်သည် မကွေး-နတ်မောက် ကားလမ်းမ ဆားတိုင်းကန်ကျေးရွာနှင့် ကံလှကျေးရွာအနီးတွင် တည်ရှိပြီး ယင်းလေဆိပ်ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

သို့ရာတွင် ခရီးသည် နည်းပါးခြင်းအပြင် အခြားအကြောင်းအမျိုးမျိုးကြောင့်၂၀၀၈ ခုနှစ်တွင် လေယာဉ်ဆင်းသက်မှု ရပ်နားခဲ့ရသည်။

မကွေးလေယာဉ်ကွင်းသည် လေကြောင်းလိုင်းပိုင် ခရီးသည် ၁၀၀ ကျော် စိီးနင်းနိုင်သည့် Emperror Jet အမျိုးအစားလေယာဉ်အထိ ဆင်းသက်နိုင်ပြီး၊ လေယာဉ်ကွင်းအကျယ်မှာ ပေ(၂၀၀)၊ အရှည် ပေ (၈၅၀၀) ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required