ရေဂါလံ(၇) သန်းဖြန့်ဝေမည့် စီမံကိန်းအတွက် ပြည်ပချေးငွေရယူရန် လွှတ်တော်အတည်ပြု

ရေဂါလံ(၇) သန်းဖြန့်ဝေမည့် စီမံကိန်းအတွက် ပြည်ပချေးငွေရယူရန် လွှတ်တော်အတည်ပြု

နေပြည်တော်၊ ဇွန်လ ၇ ။             ။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် တစ်နေ့လျှင် ရေဂါလံ (၇)သန်း ပေးဝေရေး စီမံကိန်းအတွက် နယ်သာလန်နိုင်ငံ FMOနှင့် ING Bankတို့မှ ယူရို၂၉.၉၆သန်းကို ချေးယူနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ချေးငွေရယူရေးအတွက် ကိုယ်စားလှယ် ၁၄ ဦးက အကြံပြုဆွေးနွေးပြီးနောက် ယနေ့(ဇွန် ၇) အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ထိုဆွေးနွေးချက်များကို လာရောက်ရှင်းလင်း ပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ပြီး ချေးငွေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဒုဋ္ဌဝတီမြစ်အတွင်းမှ ရေကို ပြန်လည်သန့်စင်ပြီး ရေပေးဝေမည်ဖြစ်သောကြောင့် ပုသိမ်ကြီး မဲဆန္ဒ နယ်မှ ဦးသောင်းဌေးလင်းက အဆိုပါမြစ်ပေါ်ရှိ ဆည်များမှ ရေသိုလှောင်ထားခြင်းကြောင့် နွေရာသီ တွင် ရေခမ်းခြောက်ခြင်းနှင့် ရေဆိုးစွန့်ပစ်ခြင်းများကို မည်သို့စီမံထားကြောင်း အကြံပြု မေးမြန်းခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

"ဒုဋ္ဌဝတီမြစ်၏ ရေအနည်းဆုံး အခြေအနေမှာပင် ရေဂါလံ ၈၁ သန်းစီးဆင်းနေမှာဖြစ်ပြီး ယခုစီမံ ကိန်းမှ တစ်ရက်ရေဂါလံ(၇)သန်းသာ ထုတ်ယုသုံးစွဲမည်ဖြစ်ရာ လုံလောက်မှု ရှိပါတယ်"ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

ထို့ပြင်ဒုဋ္ဌဝတီ မြစ်တစ်လျှောက်ရှိအပန်းဖြေစခန်းများနှင့် ကျေးရွာများမှ ထွက်ရှိလာသည့် အမှိုက် များ၊ စွန့်ပစ်ရေဆိုးများကို မန္တလေးစည်ပင်သာယာရေးနှင့် မန္တလေးစည်ပင်သာယာရေး ကော်မတီတို့မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စီမံကိန်းကို ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိသတ်မှတ်ထားပြီး သတ်မှတ်ကာလ ၂နှစ်နှင့် ခြောက်လ အတွင်း၌ ရေယူအဆောက်အဦ၊ ရေသန့်စင်စက်ရုံ၊ ရေသိုလှောင်ကန်၊ ရေတွန်းစက်ရုံ၊ ရေဖြန့်ဝေ ပိုက်လိုင်းများကို အချိန်မီပြီးစီးနိုင်ရန်အတွက် ဆောင်ရွက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်က ဂါလံ၄သန်းခန့်ထွက်ရှိမည့် မန္တလေးမြို့ဧရာဝတီမြစ်ရေတင်စီမံကိန်းကို တည်ဆောက်ဖူးပြီး ဒီဇိုင်းနှင့် နည်းပညာမှားယွင်းမှုကြောင့် ရေဂါလံနှစ်သိန်းခန့်သာ ထွက်ရှိခဲ့ဖူးသည်။

" ယခင်စီမံကိန်းကဲ့သို့ နည်းပညာနှင့် ဒီဇိုင်း မှားယွင်းမှု မရှိစေရန်စနစ်တကျဆောင်ရွက်ခဲ့ပြီး နယ်သာလန်နိုင်ငံအခြေစိုက်  Royal Haskoning DHV ကProject Design ကို စီမံကိန်း ဆောင်ရွက် မည့် မြေမျက်နှာသွင်ပြင် အနေအထား၊ မိုးလေဝသနှင့် ဇလဗေဒ ဆိုင်ရာ (၁၀)နှစ် စာ အချက် အလက်များ၊  မြစ်ရေ အတက်အကျ နှစ်စဉ်မှတ်တမ်းများ၊ ငလျင်ဆိုင်ရာ အချက်အလက်များ၊ ဒုဋ္ဌဝတီမြစ်၏ အရည်သွေးနှင့်  စီမံကိန်းဧရိယာနှင့် အနီးပတ်ဝန်းကျင်နေ ပြည်သူတို့၏ သောက်သုံး ရေ လိုအပ်မှုဆန်းစစ်ချက်များတို့ကိုပါ ထည့်သွင်းတွက်ချက်ထားပါတယ်”ဟု ဦးမောင်မောင်ဝင်းက လွှတ်တေ်ာသို့ ပြောကြားသည်။

 လက်ရှိတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အောင်မြေသာဇံ၊ ချမ်းမြေ့သာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ အမရပူရမြို့နယ်တို့ကို ရေပေးဝေနေပြီး၊ မြို့သစ်ဖြစ်သည့် ပြည်ကြီးတံခွန် မြို့နယ်ကိုမူ JICA ချေးငွေသုံးကာ မြေအောက်ရေဖြင့် ပေးဝေနေကြောင်း သိရသည်။

ယခု ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းသည် ပြည်ကြီးတံခွန် တွင် ကျန်ရှိသည့် (၇၀)ရာခိုင်နှုန်းကို မြေပေါ်ရေပေးဝေရေးစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။

ချေးငွေပြန်ဆပ်နိုင်ရေးအတွက် ရေမီတာခများမှရရှိသည့် အခွန်အကောက်များဖြင့် စနစ်တကျ ပြန် လည်ပေးဆပ်နိုင်ရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီစဉ်ဆောင်ရွက် ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required