မစိမ့်ထက် သေဆုံးမှုအတွက် The Summiter တောင်တက်ခေါင်းဆောင်နှစ်ဦးကို အမှုဖွင့်

မစိမ့်ထက် သေဆုံးမှုအတွက် The Summiter တောင်တက်ခေါင်းဆောင်နှစ်ဦးကို အမှုဖွင့်
 ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၇ ။               ။ ဖန်ဂရန်ရာဇီ ရေခဲတောင်ကိုတက်ရောက်စဉ် ခြေချော်ပြုတ်ကျကာ သေဆုံးခဲ့ရသည့် မစိမ့်ထက် သေဆုံးမှု အတွက် တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးကို ပေါ့လျော့ခြင်းဖြင့်သေစေမှုပုဒ်မ ၃၀၄(က) ဖြင့် ပူတာ အိုမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေး ကပြောသည်။

မစိမ့်ထက်သေဆုံးမှုနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှုများအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်တွင် ဇွန်လ ၇ ရက်နေ့ကပြုလုပ်ခဲ့သည်။

“ အဓိကအကြောင်းအရင်းကတော့ သူတို့ ပြန်ဆင်းဆင်းလာခြင်းမှာ ဒေသခံတွေကိုအမြန်ဆုံးရှာဖွေပြီးတော့မှ မြို့နယ်နဲ့ပူးပေါင်းပြီးတော့ အမြန်ဆုံးပြန်ရှာဖွေရမယ့်ဟာကို ပျက်ကွက်ခဲ့တာလည်းဖြစ်တယ်။ ဒုတိယက သူတို့ပြောတယ် အပိုင်းပိုင်းဖြစ်တယ်လို့။ တကယ်ရှာတွေ့ တဲ့အချိန်မှာ အပိုင်းပိုင်းမဖြစ်ဘူး။ လိမ်ညာပြီး ထွက်ဆိုခဲ့တာလည်းပေါ်လွင်ပါတယ်။ နောက်က မစိမ့်ထက်ချော်ကျတဲ့နေရာမှာ တောင်တက်ကြိုး အသုံးမပြုခဲ့တာ ဒီအချက်လည်းပါတယ်”ဟု အမှုဖွင့်ရတဲ့အကြောင်းအရင်းကို မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေး က ပြောသည်။

လက်ရှိအချိန်တွင် ပထမအဆင့်အနေဖြင့် The Summiter တောင်တက်အဖွဲ့နှင့် ခေါင်းဆောင်ဖြစ်သူကို ပူတာအို ရဲစခန်းမှ ခေါ်ယူစစ်ဆေးနေကြောင်း မစိမ့်ထက် သေဆုံးမှုအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းအပြင် ပူတာအိုမြို့နယ်ရဲစခန်း၊ ခရိုင် နှင့် ပြည်နယ်အဆင့် ရဲတပ်ဖွဲ့တို့ထံသို့  မေလ နောက်ဆုံးအပတ်က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း  ဦးမောင်မောင်လေးက ဆိုသည်။

“ ကျွန်တော်ကတော့ သူတို့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်များကိုမျှော်မှန်းတာပေါ့ဗျာ။ ဒါကမဖြစ်သင့်ပဲ ဖြစ်သွားတဲ့ ကိစ္စဆိုတော့ လက်ခံလို့မရဘူးဗျ။ ဥပမာသူတို့ ရေခဲ၊ နှင်းတွေပြိုလို့ လူပေါ်ပိပြီးသေတာတို့၊ ရေခဲတောင်ပြိုကျ တာတို့ အဲ့လိုမျိုး သေသွားတယ်ဆို ကျွန်တော် လက်ခံလို့ရတယ်။ ဒါကကုသိုလ်ကံလို့ပြောလို့ရတာပေါ့။ အခုက ချောက်ကြီး ပေ ၄၀၀၀ လောက်နက်တဲ့နေရာကနေဖြတ်သွားတဲ့အချိန်မှာ တောင်တက်ကြိုးကိုမသုံးဘူးဆိုတာ အလွန်ပေါ့ဆတဲ့ ပေါ့လျော့မှုလို့ ယူဆတယ်” ဟု ဦးမောင်မောင်လေးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့တွင် အဖွဲ့ဝင် ၂ဝဦး ပါဝင်သော The Summiter တောင်တက်အဖွဲ့သည် ကချင်ပြည်နယ်ရှိ ဖန်ဂရန်ရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်ခဲ့ပြီး တောင်ပေါ်မှ ပြန်အဆင်းတွင် မစိမ့်ထက်ဆိုသူ အမျိုးသမီးမှာ ခြေချော်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဧပြီလ ၂၆ ရက်နေ့တွင် ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်က ပထမအကြိမ် ရှာဖွေရေး လုပ်ဆောင်ခဲ့ စဉ်က မေ ၄ ရက်နေ့တွင် ပျောက်ဆုံးနေသူ မစိမ့်ထက်၏ ဂျာကင်နှင့် မျက်မှန်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဒုတိယ အကြိမ်ရှာဖွေကယ်ဆယ်ရေးကို မေလ ၁၈ ရက်တွင်စတင်ခဲ့ပြီးနောက် မေလ ၂၄ ရက်နေ့တွင် မစိမ့်ထက်၏ ရုပ်အလောင်းကို ရှာ ဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးရုပ်အလောင်းကို မေလ ၂၉ ရက်နေ့တွင် ပူတာအိုဆေးရုံ၌ ရင်ခွဲစစ်ဆေးခဲ့ပြီး မေလ ၃၀ ရက်နေ့တွင် ပူတာအို၌ မီးသင်္ဂြိုဟ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required