ချယ်လ်ဆီးရဲ့ ဟာဇက်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ ရီးယဲလ်မက်ဒရစ်၊ အသင်းသမိုင်းတစ်လျှောက် စျေးအကြီးဆုံးကစားသမားဖြစ်လာတဲ့ ဟာဇက်

ချယ်လ်ဆီးရဲ့ ဟာဇက်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ ရီးယဲလ်မက်ဒရစ်၊ အသင်းသမိုင်းတစ်လျှောက် စျေးအကြီးဆုံးကစားသမားဖြစ်လာတဲ့ ဟာဇက်
Photos: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးတောင်ပံကစားသမား အေဒင် ဟာဇက်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ဆုကြေးများကိုပါ ထည့်တွက်ပါက ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင်သန်း (၁၃၀)အထိ ရှိမှာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ စိတ်ပျက်ဖွယ်ရာ ရာသီတစ်ခုဖြတ်သန်းပြီးတဲ့နောက်မှာ ဟာဇက်ဟာ စပိန်ကလပ်ရဲ့ ခေါ်ယူလိုတဲ့ ထိပ်ဆုံးပစ်မှတ်ကစားသမားဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကြယ်ပွင့်မှာ လာမယ့် ရက်အနည်းငယ်အတွင်း ဘာနေဗျူးသို့ အပြီးသတ် ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ရီးယဲလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ရက်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်မှာ အပြောင်းအရွှေ့အတွက် အချက်လက်တွေအပေါ် ကြာသပတေးနေ့က သဘောတူညီမှုရခဲ့တယ်လို့ Daily Telegraph က ဖော်ပြခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဟာဇက်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးကို ပေါင် (၈၈)သန်းဝန်းကျင်ဖြင့် စတင်ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးက ပယ်ချခဲ့တဲ့အတွက် ပေါင်သန်း (၁၃၀)ထိ ကြေးတိုးမြှင့်ကာ ကြာသပတေးနေ့က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

စပိန်ကလပ်ဟာ ဟာဇက်အတွက် ကနဦးပြောင်းရွှေ့ကြေးကို ပေါင် (၈၈)သန်းသာ ပေးချသွားရမှာဖြစ်ပြီး ကျန်ငွေကြေးကို ပွဲကစားခွင့်၊ ကစားသမားရဲ့ စွမ်းဆောင်ရည်၊ အောင်မြင်မှု စတဲ့ အခြားအချက်အလက်တွေအပေါ်မူတည်ပြီး ထပ်မံပေးချေသွားရမှာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဟာဇက်ဟာ ရီးယဲလ်အသင်းရဲ့ သမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အသင်းရဲ့ တန်ဖိုးအကြီးမားဆုံး ကစားသမားခေါ်ယူမှုအဖြစ် ၂၀၁၃ ခုနှစ်မှာ စပါးအသင်းက ခေါ်ယူခဲ့တဲ့ ဂါရတ်ဘေးလ်က ရပ်တည်နေပြီး ယူရိုသန်း (၁၀၀)အထိ ပေးချေထားခဲ့ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဟာဇက်ဟာ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးကတည်းက အသင်းမှ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွတ်ဝန်ခံခဲ့သူဖြစ်ပါတယ်။

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့ (၇)နှစ်ကြာ လက်တွဲခဲ့ရာမှာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလား (၂)ကြိမ်စီ၊ အက်ဖ်အေဖလား (၁)ကြိမ်နဲ့ လိဂ်ဖလား (၁)ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ဟာဇက်က "ဒါဟာ ကောင်းမွန်တဲ့ နှုတ်ဆက်မှုလို့ ကျနော် ထင်ပါတယ်။ ကျနော့်အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ဖြစ်ခဲ့ပါတယ်။ ဒါကို ကျနော် (၇)နှစ်ကြာ ကစားခဲ့ပြီးပါပြီ။ စိန်ခေါ်မှုသစ်တွေအတွက် အချိန်ကျလာပြီဖြစ်နိုင်ပါတယ်။"လို့ ပြောဆိုသွားပါတယ်။

ဟာဇက်ဟာ ၂၀၁၂ ခုနှစ်က လိုင်လီမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့ နောက်ဆုံးရာသီမှာ သူဟာ တစ်ရာသီအတွင်း (၁၅)ဂိုး သွင်းပြီး (၁၅)ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့ သမိုင်းကြောင်းတစ်လျှောက် (၄)ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။

ဟာဇက်ဟာ ယခုနွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တတိယမြောက်ခေါ်ယူမှုဖြစ်လာဖွယ်ရှိနေပြီး သူ့မတိုင်မီက ရီးယဲလ်ဟာ ပေါ်တိုအသင်းရဲ့ နောက်ခံလူ မီလီတိုကို ပေါင် (၄၄)သန်း၊ ဖရန့်ဖတ်မှ တိုက်စစ်မှူး ယိုဗစ်ကို ပေါင် (၅၇.၇)သန်းတို့နဲ့ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required