ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

ချိုချိုလေးနဲ့စားကောင်းတဲ့ ဂေါ်ရခါးသီး

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဂေါ်ရခါးသီးလို့ ပြောလိုက်ရင်ထွေထွေထူးထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ဂေါ်ရခါးသီးကို ကြက်ဥ၊ဘဲဥတွေနဲ့ ရောကြော်ပြီးစားကြသလို ကြက်သားနဲ့ ကာလသားချက်လေးလည်းချက်စားတတ်သေးတယ်နော်။ မုန့်နှစ်နဲ့ ကြော်ပြီး အချဉ်လေးနဲ့ပဲတို့စားစား ဂျူးမြစ်လေးနဲ့ပဲ ချဉ်ရည်ချက်ချက် စားကောင်းတာကတော့ အမှန်ပါပဲ။ စားလိုက်တိုင်းမှာ အရည်ရွှမ်းရွှမ်း ချိုချိုလေးဖြစ်နေတာကိုက ဂေါ်ရခါးသီးရဲ့ ထူးခြားတဲ့ ပင်ကိုသဘာဝ အရသာလေးပါ။
ဂေါ်ရခါးသီး

အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံတော်တေ်ာများများမှာစားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက်တော်တေ်ာလေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။

ဘာဓာတ်တွေပါလဲ

ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။

  •     ဗီတာမင် ဘီ
  •     ဗီတာမင် စီ
  •     ဖောလိတ်
  •     ဗီတာမင်
  •     နီကာဆင်
  •      သီရာမင်း
  •     ရေဓာတ်
  •     အမျှင်ဓာတ်
  •     ကယ်လ်ဆီယမ်
  •     ပိုတက်ဆီယမ်
  •     ပရိုတင်း
  •     ဗီတာမင် ဒီ တို့ပါဝင်နေပါတယ်။

ဂေါ်ရခါးသီးစားပေးရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ

ဂေါ်ရခါးသီးက စားကောင်းသလို အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ရရှိစေနိုင်ပါသေးတယ်။

ဝိတ်ကျစေတယ် – ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် ကိုယ်အလေးချိန်ချချင်နေသူတွေ စိတ်ကြိုက်စားပေးလို့ရပါတယ်။

မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်ပေးတယ် – ဗီတာမင် B complex၊ ဖောလိတ်တို့လိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အာဟာရဓာတ်တွေပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ် – ပြည့်ဝဆီလုံးဝမပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မတက်စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

သက်လုံကောင်းစေနိုင်တယ် – ပိုတက်ဆီယမ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို သက်လုံကောင်းစေပြီး အမောခံနိုုင်စေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် – ဖလေဗာနွိုက်ပါဝင်တာကြောင့်  ခန္ဓာကိုယ်နဲ့ အရေပြားဆဲလ်တွေကိုပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ရခါးသီး ပုံမှန်စားပေးခြင်းက အရွယ်တင်နုပျိုစေမယ့် နည်းလမ်းတစ်ခုပေါ့။

ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်ပါတယ် – လေ့လာတွေ့ရှိချက်တွေအရ ကျောက်ကပ်ကျောက်တည်နေသူတွေအနေနဲ့ ဂေါ်ရခါးသီးစားပေးမယ်ဆိုရင် သက်သာစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

ဝမ်းချုပ်တာကို သက်သာစေနိုင်တယ် –  ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အမျှင်ဓာတ်များစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ် – ပိုတက်ဆီယမ်ပါဝင်တာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးရှိသူတွေ၊ သွေးတိုးကာကွယ်ချင်သူတွေ စားပေးသင့်ပါတယ်။

နှလုံးရောဂါကာကွယ်ပေးနိုင်တယ် – ဂေါ်ရခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါ – သွေးတွင်းမှာ သွေးနီဥဆဲလ်တွေနည်းနေတာကြောင့် သွေးအားနည်းရောဂါဖြစ်ရတာပါ။ ဂေါ်ရခါးသီးမှာ သံဓာတ်နဲ့ ဗီတာမင် B2 တို့ပါဝင်နေတာကြောင့် သွေးနီဥဆလြ်တွေကို ဖြစ်ပေါ်စေပြီး သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဂေါ်ရခါးသီးချိုချိုလေးကို အရသာရှိတဲ့ ဟင်းတစ်ခွက်အဖြစ်ပြောင်းလဲလို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းနိုင်ကြပါစေကြောင်း…..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required