သာသနာရေးဝန်ကြီးကို ဦးဝီရသူ သတိပေး

သာသနာရေးဝန်ကြီးကို ဦးဝီရသူ သတိပေး
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၇ ။          ။ သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မဘသဆရာတော် ဦးဝီရသူက သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ဇွန်လ ၆ရက်နေ့ ညပိုင်း၌ ရုရှားလူမှုကွန်ရက် ဖြစ်သော VK တွင် ဗီဒီယိုဖိုင်တင်ပြီး သတိပေးပြောဆိုလိုက်သည်။

“ခင်ဗျားရဲ့ သူရသတ္တိတွေဟာ ဓမ္မဝိနိယ ဘက်မှာပဲ ရှိပါစေ။ ပုဂ္ဂိုလ်ရေးအနိုင်ကျင့်တဲ့ဘက်မှာ မရှိပါ စေနဲ့။ မလျော်သြဇာ သုံးပြီး ရဟန်းသံဃာတွေကို ခြိမ်းခြောက်တဲ့ဘက်မှာ မသုံးပါနဲ့။ ဝံသာနုရက္ခိတ ဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်) က ကြပ်ကြပ်သတိပေးလိုက်တယ်” ဟု ဦးဝီရသူက သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ပြောဆိုခဲ့သည်။

ဝရမ်းထုတ်ခံရပြီးနောက် လူမြင်ကွင်းရှေ့ထွက်မလာသည့် ဦးဝီရသူသည် အွန်လိုင်းမှ ဗီဒီယိုများ ထုတ်လွှင့်ပြီး သတိပေးစကားများ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခုတစ်ခေါက် ဗီဒီယိုသည် ၁၃ မိနစ်စာ ကြာမြင့်ပြီး ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုများအနက် အချိန်အကြာဆုံးလည်းဖြစ်သည်။

“ဖိအားပဲဖြစ်ဖြစ် အမိန့်အာဏာပဲဖြစ်ဖြစ် မလွန်ဆန်နိုင်ဘူးဆိုရင် အလုပ်က နုတ်ထွက်လိုက်ပါ။ ထမင်းငတ်မသေပါဘူး” ဟု သူရဦးအောင်ကိုအား ရည်ညွှန်းပြီး ဦးဝီရသူက ပြောဆိုခဲ့သည်။

ဇွန်လ ၃ ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာအရ ဦးဝီရသူသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည်ဟု ပါရှိရာ ယင်းပြောဆိုချက်သည် တရားရုံးမှ မဆုံးဖြတ်ခင် ပြောဆိုခြင်းဖြစ်ပြီး တရားစီရင်ရေးကို ဝင်ရောက် စွက်ဖက်ရာရောက်သည်ဟု ဦးဝီရသူက ဆိုသည်။

မေလ ၅ ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေလ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထား ခဲ့မှုကို တရားရုံးက လက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီး ဇွန်လ ၄ရက်ကို ဖမ်းဝရမ်း နောက်ဆုံးရက် အဖြစ် သတ်မှတ်ထားသည်။

သို့သော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိသောကြောင့် တရားရုံးမှ ရာဇဝတ်အထွေထွေမှု အဖြစ်ပြောင်းလဲပြီး ဝရမ်းအသစ် ထပ်မံ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ရာဇဝတ် အထွေထွေမှု မှာ ဝရမ်းပြေး ၊ တရားခံပြေးအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး တရားရုံးမှ ယင်းသို့ သတ်မှတ်လိုက်ပါက ထိုသူအား တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံနိုင်မည်ဖြစ်သည်။

"တရားခံပြေးအဖြစ် သုံးစွဲလို့ရပြီ။တရားခံပြေးဖြစ်သွားခြင်းကြောင့် အကျိုးဆက်က ဘာတွေဖြစ်သွားလဲ ဆိုတော့ မူလဖမ်းဝရမ်းတုန်းက ဝရမ်းလက်ဝယ်ရှိတဲ့ရဲစခန်းပဲ ဖမ်းဆီးခွင့်ရှိတယ်။ အခုတရားခံပြေး ကြေညာလိုက်တဲ့အခါကျတော့ တစ်ပြည်လုံးက ဘယ်ရဲတပ်ဖွဲ့စခန်းဖြစ်ဖြစ် ဦးဝီရသူကို ဖမ်းခွင့် ရှိသွားတယ်" ဟု ဥပဒေရေးရာကျွမ်းကျင်သူ ထောင်မှူးကြီးဟောင်း ဦးခင်မောင့်မြင့်က ပြောဆိုသည်။

မွတ်စလင်ဆန့်ကျင်ရေးဆရာတော်တစ်ပါးအဖြစ်ထင်ရှားသည့် မဘသ ဆရာတော် ဦးဝီရသူသည် အမုန်းတရားများနှင့် ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများကို ဒေသအသီးသီးတွင် ဟောပြောခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ၎င်းကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့သေးသည်။

ထို့ပြင် ဦးဝီရသူကို အမုန်းစကားများ ဖြန့်သည်ဟုဆိုကာ Facebook ကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly