အစားလည်းဆင်ခြင်ရဲ့သားနဲ့ ဝလာတယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ် နှေးတာကြောင့်ဖြစ်နိုင်ပါတယ်

အစားလည်းဆင်ခြင်ရဲ့သားနဲ့ ဝလာတယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ် နှေးတာကြောင့်ဖြစ်နိုင်ပါတယ်

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အစားလည်းထိန်းစားတယ်၊ ကိုယ်လက်လှုပ်ရှားမှုလေးလည်းရှိရဲ့သားနဲ့ ဘာေ့ကြာင့် တရိပ်ရိပ်ထိုးဝလာတာလဲ။ ပြောနေကျ စကားတွေအတိုင်းဆို လေရှူလိုက်တိုင်း ဝနေတာ ဒါမျိုးပေါ့။ ပိန်နေတဲ့သူတွေအတွက်ကတော့ ဒီကိစ္စတွေ ခေါင်းထဲ စဉ်းစားမလိုပေမယ့် ဝနေတဲ့သူတွေအတွက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ ဝဝလာတာဟာ တော်တော်ကြီးကို စိတ်ညစ်စရာကောင်းတဲ့ အခြေအနေပါ။ ဒါဘာ့ကြောင့်ဖြစ်ရတာလဲ။

အစားလည်းဆင်ခြင် ကိုယ်လက်လှုပ်ရှားမှုလေးလည်း အနည်းအကျဉ်းရှိရဲ့သားနဲ့ ဝလာတဲ့ပြဿနာမှာ ကိုယ််တွင်း ဇီဝကမ္မဖြစ်စဉ်ကို အဓိက အပြစ်တင်ရမှာပါ။
ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ ။ ။

ဆေးပညာမှာဆို ဇီဝကမ္မဖြစ်စဉ်ကို Metabolism လို့ခေါ်ပါတယ်။ ဒီ ဇီဝကမ္မဖြစ်စဉ်ဟာ အာဟာရဓာတ်တွေကို ဖြိုခွဲပေး၊ ကယ်လိုရီတွေကို လောက်ကျွမ်းပေးပြီး ကိုယ်ခန္ဓာအတွက် စွမ်းအင်ပြန်ထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ ဒီတော့ ဇီဝကမ္မဖြစ်စဉ် နှေးရင် ကယ်လိုရီ လောင်ကျွမ်းတာလည်း နည်းသွားပြီး ကိုယ်ခန္ဓာမှာ အဆီစုလာမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ဇီဝကမ္မဖြစ်စဉ်နှေးတဲ့သူ အများစုဟာ ဒီတိုင်းနေရင်းတောင်ဝ လာရခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ ဇီဝကမ္မဖြစ်စဉ် ဘာ့ကြောင့်နှေးရတာလဲကို သိဖို့လိုအပ်လာတာပေါ့။ ဒါမှ ဒီအကြောင်းအရင်းတွေကို ရှောင်နိုင်ပြီး ဝတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဇီဝကမ္မဖြစ်စဉ်ကို နှေးစေတဲ့ အကြောင်းတွေက ဘာများလဲ။ ။
( ၁ ) မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ပါတယ်။ ။

ကိုယ့်မျိုးရိုးဗီဇ gene က Metabolism နှေးနိုင်တဲ့ gene ဖြစ်ခဲ့ရင် ဝလာနိုင်ပါတယ်။ မွေးတည်းကပါလာတဲ့ မျိုးရိုးဗီဇ gene ကို ပြင်လို့မရနိုင်တာကြောင့် ကိုယ့် အနေအထိုင်ကိုပြင်မှရမှာပါ။ အစားပိုဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားမှုများများလုပ်တာ မျိုးတွေပေါ့ ။ ။
( ၂ ) ဟော်မုန်း ။

ဟော်မုန်း တွေကလည်း  ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး သင့်ကို ဝလာစေတဲ့ တရားခံတွေထဲက တစ်ခုပါ။ ဟော်မုန်းအပြောင်းအလဲများစေတဲ့ အခြေအနေတွေကတော့ သန္ဓေတားဆေးတွေ၊ စိတ်ဖိစီးမှု များတာတွေ၊ သိုင်းရွိုက်ဟော်မုန်းများတာ နည်းတာတွေနဲ့ ဆီးချိုရောဂါတွေဟာ ဟော်မုန်းအပြောင်းအလဲ ဖြစ်စေတဲ့ ပြဿနာတွေပါ။ ဒီပြဿနာတွေကြောင့် ဇီဝကမ္မဖြစ်စဉ်နှေးနေတာဆိုရင်တော့ ဒီကျန်းမာရေးပြဿနာတွေကို အရင်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
( ၃ ) အိပ်ရေးပျက်တာ

အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့ ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ အရာတစ်ခုပါ။ ဒီတော့ ပုံမှန် အိပ်ချိန်မရှိတဲ့သူတစ်ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ နှေးသွားနိုင်ပါတယ်။
( ၄ ) အစားလျှော့လွန်းတာ။

အစားစားမှ ဇီဝကမ္မဖြစ်စဉ် အလုပ်လုပ်တာပါ။ ဒါပေမယ့် ဝိတ်ချဖို့ဆိုပြီး အစားတွေ လျှော့လွန်းလိုက်တဲ့အခါ ဇီဝကမ္မလည်း အလုပ်သိပ်မလုပ်ရတော့လို့ တဖြည့်းဖြည်း အကျင့်ပါပြီး နှေးသွားနိုင်ပါတယ်။
( ၅ ) ရေဓာတ်ခမ်းခြောက်ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ဇီဝကမ္မဖြစ်စဉ် ကို နှေးသွားစေတဲ့အချက်တစ်ခုပါ။
( ၆ ) ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့ခြင်း

အရိုးတွေသန်မာဖို့အတွက်သာမက ဇီဝကမ္မဖြစ်စဉ် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် အရေးပါတဲ့ ကယ်လ်ဆီယမ် မလုံလောက်တဲ့အခါမျိုးမှာ ဇီဝကမ္မဖြစ်စဉ် နှေးသွားနိုင်ပါတယ်။
( ၇ ) ဆေး။

စိတ်ကျရောဂါ အတက်ရောဂါနဲ့ စိတ်ရောဂါ ဝေဒနာတွေအတွက် သောက်တဲ့ ဆေးတွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေနို်င်တဲ့ ဆေးတွေပါ။
( ၈ ) ကိုယ်လက်လှုပ်ရှားမှု မရှိတာ

ကိုယ်လက်လှုပ်ရှားမှုတွေမရှိဘဲ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်မယ် TV ကြည့်နေမယ်ဆိုရင်တော့ လူလည်း တဖြည်းဖြည်းနှေးကွေးလာနိုင်သလို ဇီဝကမ္မဖြစ်စဉ်တွေလည်း တဖြည်းဖြည်းနှေးသွားပါလိမ့်မယ် ။

ဒီတော့ အပေါ်ကပြောထားတဲ့ အချက်တွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေတဲ့အချက်တွေဖြစ်လို့ ကိုယ့်ဆီမှာ ဒီအချက်တွေရှိခဲ့ရင် နေရင်းထိုင်ရင်းနဲ့ ဝလာမှာ အသေအချာပါ။ ဒီတော့ အပေါ်ပြောထားတဲ့အချက်တွေကို ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် အစားလး၊ လေ့ကျင့်ခန်းလေးပြန်လုပ်ပြီး ထိန်းနို်င်မှ တော်ရုံကျမှာပါ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly