သံတမန်အိမ်ရာနားက ယောင်္ကျားကိုသတ်ကာ၊ မိန်းမကို အဓမ္မကျင့်မှု လေးဦးလုံးမိပြီ

သံတမန်အိမ်ရာနားက ယောင်္ကျားကိုသတ်ကာ၊ မိန်းမကို အဓမ္မကျင့်မှု လေးဦးလုံးမိပြီ

နေပြည်တော်၊ အောက်တိုဘာ ၈ ။         ။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် Junction Center အနောက်ဘက် သံတမန်အိမ်ရာအနီး လူငယ်စုံတွဲတွင် ယောင်္ကျားကိုသတ်ကာ၊ မိန်းမကို အဓမ္မကျင့် သည့် လေးဦးလုံးကို ဖမ်းမိပြီး ကာယံကာရှင်များက ဝန်ခံထွက်ဆိုသည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က မဇ္ဈိမကို ပြောသည်။

"မှန်ပါတယ်။ ညကတစ်ယောက်ထပ်မိတာပါ။ မနက်က တစ်ယောက်ပါ။ သူတို့မိဘတွေက လာအပ်ပါတယ်။ သူတို့ ဝန်ခံပါတယ်။ ဖြစ်စဉ်တွေလည်း မှန်ပါတယ်။ ဒက္ခိဏမှာပဲဗျ။ ကျွန်တော်တို့က လုပ်စရာရှိ တာလေးတွေ ဆက်လက် ဆောင်ရွက်ဖို့ လေးယောက်လုံးကို ဒက္ခိဏသီရိရဲစခန်းမှာပဲ ထားထားပါတယ်"ဟု အောက်တိုဘာ ၈ရက် နံနက်က ရဲမှူးကြီးက ပြောသည်။

 အောက်တိုဘာ၆ရက် ညနေက အသက် ၂၀ အရွယ် အောင်တင်မျိုး (ခေါ်)အောင်ပိုင်နှင့် အသက် ၁၉ နှစ်အရွယ်ကျော်မောင် (ခေါ်) ဇော်ဇော်အောင်တို့နှစ်ဦးကို ဖမ်းမိခဲ့ပြီးဇော်လေး (ခေါ်)ဇော်မျိုးသူနှင့် ကောင်လေး (ခေါ်) မျိုးဇော်ဝင်းတို့ကိုလည်း ရွှေကြာပင်ရပ်ကွက်က ၎င်းတို့၏ နေအိမ်များတွင် ဝင်ရောက်ရှာဖွေရာ မိဘများက လာရောက်အပ်နှံပါမည်ဟု ပြောပြီး လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒက္ခိဏသီရိ ရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာနေ ခင်ပွန်းဖြစ်သူ ချစ်နိုင်ဦးနှင့်အတူ စက်တင်ဘာ ၃၀ရက် နံနက် ၁နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ Junction Center ဈေးဝယ်စင်တာ အကျော်တွင် မော်တော်ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်စဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူ(၄)ဦးက ခြိမ်းခြောက်ပြောဆိုကာ Junction Center နောက်ကြောရှိ သံတမန်အိမ်ရာ သွားရာလမ်း သို့ခေါ်ဆောင်သွားသည်ဟု အဓမ္မပြုကျင့်ခံရသည်ဆိုသော အသက် ၁၆နှစ်အရွယ် အမျိုးသမီးက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

ယင်းနောက် သံတမန်အိမ်ရာ Bလမ်း လမ်းသွယ်အရောက်တွင် ထိုလူ လေးဦးမှ ဆိုင်ကယ်အား တွန်းလှဲကာ ချစ်နိုင်ဦးအား ဓားဖြင့် ထိုးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် “ကျွန်မအား ကျန် လူ(၂)ဦးမှ ဆွဲခေါ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြပါသည်။ ၎င်းနောက် ချစ်နိုင်ဦးကို ဓါးနှင့်ထိုးသူ(၂)ဦးမှာလည်း ကျွန်မအား သားမယားအဖြစ် ပြုကျင့်ပါသည်” ဟု  အမျိုးသမီး၏ တိုင်ကြားစာတွင် ပါရှိသည်။

သေဆုံးသူ ချစ်နိုင်ဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်နား အထက်/အောက် ထိုးသွင်းဒဏ်ရာ(၂)ချက်၊ လည်ပင်းတွင် ထိုးသွင်း ဒဏ်ရာ(၃)ချက်တို့ဖြင့် သေဆုံးနေ သည်ကိုတွေ့ရှိ ခဲ့ရသည်ဟုလည်း ရဲစခန်းက အမှုဖွင့်ထားသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

၎င်းတို့ လေးဦးကို စက်တင်ဘာ ၃၀ရက်က (ပ)အမှတ် ၉၈/၂၀၁၅၊  ပြစ်မှုပုဒ်မ ၃၀၂၊ ၃၇၆ တို့ဖြင့် ဒက္ခိဏမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required