ပီအက်စ်ဂျီအသင်းကို စွန့်ခွာတော့မယ့် ဘူဖွန်

ပီအက်စ်ဂျီအသင်းကို စွန့်ခွာတော့မယ့် ဘူဖွန်
Photo: EPA

ဘူဖွန်ဟာ စာချုပ်သက်တမ်းတိုး စာချုပ် မချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးတဲ့နောက် အီတလီလက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းက ပီအက်စ်ဂျီကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ ပြင်သစ်ချန်ပီယံက ဗုဒ္ဓဟူးနေ့ ကြေညာခဲ့ပါတယ်။

"နှစ်ဖက်တွေ့ဆုံအပြီးမှာ ပီအက်စ်ဂျီနဲ့ ဘူဖွန်တို့ဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ဂန္တဝင်ဂိုးသမားကြီးရဲ့ စာချုပ်ကို သက်တမ်းမတိုးတော့ဖို့ သဘောတူညီခဲ့ကြပါတယ်။"လို့ ပီအက်စ်ဂျီအသင်းက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါပတယ်။

၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီး (၁၇၆)ပွဲနဲ့ အီတလီရဲ့ ပွဲအများဆုံးကစားတဲ့ ကစားသမားဖြစ်သူ အသက် (၄၁)နှစ်အရွယ် ဂိုးသမားကြီးဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက်မှာ သူဟာ ကစားသမားဘဝကနေ ဘယ်တော့ အနားယူမယ်ဆိုကိုတော့ ပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။

ဘူဖွန်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ကစားသမားဘဝ (၁၇)နှစ်ကြာ ဖြတ်သန်းပြီးနောက်မှာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံမှာ (၂၅)ပွဲ ကစားပေးခဲ့ပြီး လီဂူ -၁ အမှတ်ပေးဖလားနဲ့ ရာသီကြို ချန်ပီယံဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

"အီတလီပြင်ပမှာ ကျနော့်ရဲ့ အတွေ့အကြုံသစ်ရှာဖွေမှု အဆုံးသတ်ရမယ့်အချိန် ဒီကနေ့ ရောက်လာပါပြီ။"လို့ ဘူဖွန်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

"စာရေးဆရာ အားနက် ဟဲမင်းဝေးရေးသာခဲ့တာက လူသားတွေ ပျော်ရွှင်စွာ နေထိုင်နိုင်တဲ့ နေရာ ကမ္ဘာမှာ နှစ်နေရာရှိပါတယ်တဲ့။ အဲဒါက အိမ်ရယ်၊ ပါရီမြို့ရယ်ဖြစ်ပါတယ်။ ဒါက ဒီနေ့မှာ ကျနော်ပေါ် ကျရောက်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါရီဟာ ကျနော့်အိမ်အဖြစ် အမြဲဆက်လက်ရှိနေပါလိမ့်မယ်။"

ဒီရာသီ လိဂ်ဖလားဟာ ဘူဖွန်ရဲ့ ကစားသမားဘဝ (၁၀)ကြိမ်မြောက်ဆုဖလားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥရောပရဲ့ အကြီးဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဂျူဗင်မှာ သူ့ကစားသမားဘဝ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ လွဲချော်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ ဒီကံကြမ္မာဆိုးကို ရိုက်ချိုးဖို့အတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

ဒါပေမယ့်လည်း ဥရောပစင်မြင့်ထက်မှာ ရည်မှန်းချက်မြင့်မားခဲ့တဲ့ ဘူဖွန်နဲ့ အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ဆိုးရွားခဲ့တဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။

သူတို့ဟာ ပြည်တွင်းဖလားကိုလည်း လက်လွတ်ခဲ့ရသလို ပိုပြီးအရေးကြီးတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အငြင်းပွားဖွယ် ပင်နယ်တီတစ်ဂိုးကြောင့် အဝေးဂိုးအားသာချက်နဲ့ မန်ယူအသင်းကို ရှုံးနိမ့်ပြီး ရှုံးထွက် (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly