ONEChampionship အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ Christian Lee ၏ အောင်မြင်နိုင်မှုအတိုင်းအတာ

ONEChampionship အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ Christian Lee ၏ အောင်မြင်နိုင်မှုအတိုင်းအတာ

အားကစားတစ်ရပ်ဖွံ့ဖြိုးရန် အကြောင်းတရားများစွာ ရှိနေပြီး ယင်းအကြောင်းတရားများက အားကစားသမားတစ်ဦးချင်းစီပေါ်တွင်လည်း သက်ရောက်မှုရှိပါသည်။ မည်သို့ပင်ဆိုစေ လူများစွာ၏နေ့စဉ်ဘဝတွင် အားကစားသည် အရေးကြီးသောအခန်းကဏ္ဍမှာ ပါဝင်နေသည်မှာ သေချာသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့ကြီး ဖြစ်သည့် ONEChampionship၏ အသက်အငယ်ဆုံးလိုက် ဝိတ်ကမ္ဘာ့ချန်ပီယံ ဖြစ်လာသူ Christian Lee သည် အလားအလာကောင်းသော အားကစားသမားတစ်ဦး အနာဂတ်တွင် အဘယ်မျှဆက်လက်အောင်မြင်မည်ကို ခန့်မှန်းရသည်မှာ အားကစားပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းသော မေးခွန်းတစ်ခုဟု ယူဆမိပါသည်။

ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံChristian Leeသည် ကိုယ်ခံပညာရှင်မိသားစုမှ ထွန်းတောက်လာသူဟု ဆိုရမည်။ အစ်မဖြစ်သူက ONEChampionship၏ အမျိုးသမီးအက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံAngelaLeeဖြစ်ပြီး ၎င်းကONE Championship၏ နိုင်ငံတကာစူပါစတားအားကစားမယ်တစ်ဦး ဖြစ်နေပါပြီ။ ထို့အပြင်Lee၏မိဘနှစ်ဦးစလုံးကို ကြည့်လျှင်လည်း ကိုယ်ခံပညာအမျိုးမျိုးမှာ ခါးစည်းအနက်ရထားကြသူများ ဖြစ်နေပြန်သည်။ Leeတို့မိဘများက မောင်နှမနှစ်ဦးစလုံးကို ၄င်းတို့၏ ကိုယ်ခံပညာအမွေအား လူမှန်းကောင်းကောင်း မသိတတ်ခင်ကတည်းက မျိုးစေ့ချပေးခဲ့ကြသူများပင်ဖြစ်သည်။

Leeတို့မောင်နှမကိုကြည့်လျှင် အားကစားဖွံ့ဖြိုးမှုအပေါ် မိသားစုဘဝ၏သက်ရောက်မှုက ထင်ရှားပေါ်လွင်ပါလိမ့်မည်။ သွေးကြောထဲတွင် ကိုယ်ခံပညာဗီဇစီးဆင်းနေသည့် Leeကိုယ်တိုင်ကလည်း ငယ်စဉ်ဘဝကတည်းက ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့် စင်္ကာပူ၏နာမည်ကျော်ကိုယ်ခံပညာအားကစားအသင်းဖြစ်သော EvolveFightTeam၏ အသက်အငယ်ဆုံး အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ အသက်အငယ်ဆုံးဖြစ်သော်လည်း အသင်းဖော်များနှင့်ယှဉ်လျှင် သူ သည် ခေသူမဟုတ်ခဲ့ပါ။ ငယ်ပင်ငယ်သော်ငြားလည်း Lee သည် အစောပိုင်းအောင်မြင်မှုများအနေဖြင့် ဘရာဇီးဂျုဂျစ်ဆုနှင့် Total Defense System ကိုယ်ခံ ပညာရပ်များတွင် ခါးစည်းအနက် ရရှိခဲ့သည်။

၎င်း၏ငယ်ဘဝကြိုးပမ်းအားထုတ်မှုများအား ပေါ်လွှင်အောင်ဆိုရလျှင် Lee သည် နိုင်ငံတကာနပမ်းစတိုင်လ် ပေါင်းစုံအဖွဲ့ချုပ် FILA World Championship ၏ နပမ်းနည်းစနစ်များဖြစ်သော ဘရာဇီးဂျုဂျစ်ဆု၊ ပန်ခရာရှင်း ၊ ကိုယ်ခံပညာသိုင်းပေါင်းစုံနှင့် နပမ်းအချုပ် ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံဘွဲ့၆ထပ်ကွမ်း ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် အသက်၁၅နှစ်သားအရွယ် ၂၀၁၃ခုနှစ်တွင် ယင်းအဖွဲ့၏ထူးခြားပြောင်မြောက်မှု အရှိဆုံး အားကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

Lee သည် ၂၀၁၅ခုနှစ်တွင် ONE Championship ၌ စတင်ပြိုင်ပွဲဝင်ခဲ့ပြီး ပွဲဦးထွက်မှာပင် ပြိုင်ဘက် David Meak အား လက်သီးချက်ဖြင့် ဒိုင်ပွဲရပ် အနိုင်ယူခဲ့သည်။ ဤနေရာတွင် ကြားဖြတ်၍ ဖော်ပြလိုသည်မှာ Lee သည် ပရိုဖက်ရှင်နယ် အားကစားသမားဘဝအား အသက် ၁၇ နှစ်အရွယ်ဖြင့် စောစီးစွာစ တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၈ခုနှစ်တွင် မွေးဖွားခဲ့သော Leeသည် ပရော်ဖက်ရှင်နယ်အားကစားသမားအဖြစ် စတင်ပြိုင်ပွဲဝင်ချိန်တွင် အသက် ၁၇ နှစ်သာရှိပါ သေးသည်။

လက်ရှိအချိန်တွင် အသက်၂ဝသာရှိသေးသည့် ChristianLeeသည် ၂၀၁၅-၂၀၁၉ခုနှစ်အတွင်း ONEChampionshipပြိုင်ပွဲပေါင်း ၁၅ပွဲ ထိုးသတ်ယှဉ်ပြိုင်ခဲ့ရာ ၁၂ပွဲနိုင် ၃ပွဲရှုံး မှတ်တမ်းတင်ထားသည်။ ပြိုင်ပွဲမှတ်တမ်းအရ အလဲထိုးစွမ်းရည် ၆၇ ရာခိုင်နှုန်း ရှိပြီး ချုပ်ကွက်အလဲထိုးစွမ်းရည် ၃၃ ရာခိုင်နှုန်း ရှိသူဖြစ်ပါသည်။ Lee သည် ၃ပွဲရှုံးမှတ်တမ်းရှိသော်လည်း တကယ်တမ်းတွင် ပြိုင်ဘက်နှစ်ဦးကိုသာ ရှုံးနိမ့်ခဲ့ဖူးခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ်က ရှုံးခဲ့သော Edward Kelly အား  တစ်နှစ်အကြာတွင် ဒိုင်ပွဲရပ်ဖြင့် ပြန်လည်အနိုင်ယူခဲ့သည်။Lee အား အရှုံးမှတ်တမ်းနှစ်ကြိမ် ကြုံခဲ့စေသူမှာ နာမည်ကျော် Martin Nguyen ဖြစ်သည်။

ပြီးခဲ့သော ONE:Enter the Dragon ပွဲတွင် ဂျပန်အားကစားသမားSHINYAAOKI "TOBIKAN JUDAN" အား Lee သည် ဒုတိယအချီတွင်ပြင်းထန်အားပါလှသော လက်သီးချက်များဖြင့် ဒိုင်ပွဲရပ်အလဲ ထိုးအနိုင်ခဲ့ရာ လိုက်ဝိတ်တန်းတွင် ၎င်းသည် ပြိုင်ဘက်ကင်းကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။ ယင်းပွဲစဉ်သည် Leeအတွက် ကမ္ဘာ့ချန်ပီယံဘွဲ့အား ဆွတ်ခူးနိုင်ခဲ့ရုံသာမက ကြီးမားသော အောင်ပွဲလည်းဖြစ်သည်။ Aokiသည် သမ္ဘာရင့်အားကစားသမားဖြစ်ပြီး ပရိုဖက်ရှင်နယ် အားကစားသမားအဖြစ် ပြိုင်ပွဲပေါင်း ၅၂ပွဲထိုးသတ်ခဲ့ရာ ၉ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသူဖြစ်သည်။ အသက်အရွယ်အရလည်း Aoki သည် Lee ထက် ၁၆နှစ် ကြီးပြီး ပြိုင်ပွဲအတွေ့အကြုံများစွာ ရင့်ကျက်သူဟု ဆိုနိုင်သည်။ သို့သော်လည်း ကမ္ဘာ့ချန်ပီယံဘွဲ့အား တက်သစ်စ အားကစားသမား Leeအားလွှဲပြောင်းပေးခဲ့ရသည်။

လက်ရှိအချိန်တွင် အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ Leeသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ဖူးသေးသော မှတ်တမ်းတစ်ခုဖြစ်သည့် AngelaLeeနှင့်အတူ ကမ္ဘာ့ချန်ပီယံမောင်နှမအဖြစ် ONE Championship တွင် ရပ်တည်လျက်ရှိနေသည်။

အသက်၂၀သာ ရှိသေးသော Leeသည် ၄င်း၏ကိုယ်ခံပညာအားကစားစွမ်းရည်အား ဆက်လက်ဖွံ့ဖြိုးအောင် ကြိုးစားလေ့ကျင့်နေဆဲဖြစ်ရာ ကမ္ဘာ့ချန်ပီယံနေရာတွင် ဆယ်စုနှစ်နှင့်ချီပြီး ရပ်တည်နိုင်မည်လား ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်နေသည်။ Leeတွင် အကောင်းဆုံးပြင်ဆင်လေ့ကျင့်ပြီး ဆက်လက်ဖွံ့ဖြိုးရန် အချိန်များစွာရှိနေသည်။ ယင်းအချက်သည် ၎င်း၏အားကစားသမားဖြစ်မှုကို အားကောင်းစေရုံသာမက ကမ္ဘာ့ချန်ပီယံဘွဲ့အား အချိန်ကြာမြှင့်စွာ ဆက်လက်ထိန်းသိမ်းထားနိုင်မည့် အားသာချက်လည်းဖြစ်နေသည်။

ထို့ကြောင့် လိုက်ဝိတ်တန်းတွင် လက်ရှိအချိန်အထိ Leeအား အပြင်းအထန်ခြိမ်းခြောက်နိုင်သည့် ပြိုင်ဘက်ကင်းမဲ့လျက်ရှိရာ ၎င်း၏ကမ္ဘာ့ချန်ပီယံသက်တမ်းမှာ ရှည်ကြာမည်ဟု သုံးသပ်မိကြောင်း ဖော်ပြလိုက်ရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly