စက်သုံးဆီရောင်းချမှုတွင် သင့်တင့်သည့်အမြတ်သာယူရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

စက်သုံးဆီရောင်းချမှုတွင် သင့်တင့်သည့်အမြတ်သာယူရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
Photo-EPA-EFE/NYEIN CHAN NAING

ရန်ကုန်၊ ဇွန် ၅ ။           ။ ရန်ကုန်တိုင်းအစိုးရအနေဖြင့် ပြည်တွင်းစက်သုံးဆီစျေးနူန်းကျဆင်းစေရန် ကြိုးပမ်းဆောင်ရွက်နေပြီး ရောင်းချသူများအနေဖြင့်လည်း သင့်တင့်သည့် အမြတ်သာယူကြရန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ဇွန်လ ၅ ရက်နေ့ တိုင်းအစိုးရရုံးတွင်ပြုလုပ်ခဲ့သည့် “ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်း စာရှင်းလင်းပွဲ" တွင် ရန်ကုန်ပက်ထရိုစက်သုံးဆီဆိုင် နှင့်ပက်သက်ပြီး မီဒီယာများမှ မေးမြန်းမှုကို ဖြေကြားရာတွင် ဝန်ကြီးချုပ်က ထိုသို့ထည့်သွင်းပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ အခုစျေးက အရှုံးခံပြီးရောင်းနေတာ မဟုတ်ပါဘူး။ အမြတ်ရပြီး ရောင်းနေတဲ့စျေးပါ။ ဒါပေမယ့် သင့်တင့်တဲ့ အမြတ် ယူပေါ့ဗျာ။ ကျွန်တော်တို့က စီးပွားရေးလုပ်နေတာ၊ အလှူပေးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီ စီးပွားရေးမှာ သင့်တင့်မျှတတဲ့နူန်းထားတစ်ခုဖြစ်တဲ့အတွက် စျေးတက်မယ် ဆိုတာတော့ ကျွန်တော် လက်မခံနိုင်ဘူး ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

စျေးနှုန်းလျော့ရောင်းရန် တိုင်းအစိုးရနှင့် သဘောတူထားသည့် ရန်ကုန်ပက်ထရို (Yangon Petrol) စက်သုံးဆီဆိုင်မှ ဆီစျေးနူန်းများသည် အခြားဆိုင်များထက် စျေးနူန်း လျော့ရောင်းချနေခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ယနေ့ ဇွန် ၆ ရက်နေ့ စက်သုံးဆီစျေးနူန်းများမှာ Octane 92 တစ်လီတာကို ၇၉၀ ကျပ်၊ Octane 95 တစ်လီတာကို ၈၇၀ ကျပ်အဖြစ် YP မှ သတ်မှတ်ထားပြီး အခြားဆိုင်အများစု၏ ပျမ်းမျှစျေးနူန်းမှာ Octane 92 တစ်လီတာကို ၈၅၀ ကျပ် ပတ်ဝန်းကျင်နှင့် Octane 95 တစ်လီတာကို ၉၂၀ ကျပ် ဝန်းကျင် ပေါက်စျေး ရှိနေသည်။

ထို့အပြင် လက္ကားရောင်းချမှုများသာမက လက်လီရောင်းချမှုများတွင်ပါ သင့်တင့်သည့်အမြတ်ကိုသာယူပါက စက်သုံးဆီစျေးနှုန်း ကွာခြားခြင်းများ နည်းပါးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

 “လုပ်ငန်းရှင်တွေက ကျွန်တော်တို့လုပ်တဲ့ ဆီစျေးချတဲ့လုပ်ငန်းထဲကို ဝင်မပါချင်ကြပါဘူး။ ဘာကြောင့်လဲဆို သူတို့လည်းအကျိုးအမြတ် ရှိနေတဲ့အလုပ်ပဲ။” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စက်သုံးဆီဖြန်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်အား မဇ္ဈိမမှ ဆက်သွယ်သော်လည်း မအားလပ်သေးသဖြင့် ထပ်မံဆက်သွယ်ဖော်ပြသွားမည် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တစ်မြို့တည်းမဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးတွင်ပါ စက်သုံးဆီစျေးနူန်း တည်ငြိမ်လာရေး လုပ်ဆောင်ရန် တိုင်းအစိုးရမှ ရည်မှန်းထားကြောင်း ဆိုသည်။

နိုင်ငံပိုင်မြေကို အနိမ့်ဆုံးစျေးနှုန်းဖြင့် ရန်ကုန်ပက်ထရိုကုမ္ပဏီကိုရောင်းချပေးခဲ့သည်ဆိုသည့် ပြောဆိုမှုများ ရှိနေသည့်အပေါ် တိုင်းအစိုးရအနေဖြင့် ပြည်သူများ စက်သုံးဆီစျေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေး အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေရောင်းစားပြီး အကျိုးရှာနေသည့် အစိုးရအဖွဲ့မဟုတ်ဘူးဟုလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly