လမိုင်းမြို့စုမဲငွေကိစ္စ ဥပဒေအရ ဆောင်ရွက်မည်ဟု မွန် နယ်/လုံဝန်ကြီး ပြော

လမိုင်းမြို့စုမဲငွေကိစ္စ ဥပဒေအရ ဆောင်ရွက်မည်ဟု မွန် နယ်/လုံဝန်ကြီး ပြော

မော်လမြိုင် ၊ ဇွန်  ၆ ။         ။ မွန်ပြည်နယ် ၊ လမိုင်းမြို့တွင် ဖြစ်ပွားခဲ့သော တရားမဝင် အွန်လိုင်းငွေစုငွေချေးလေလံမဲပြဿနာနှင့်ပတ်သက်ပြီး တရားဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တိုင်ကြားသူရှိပါက တိုင်ကြားသည့်အတိုင်း အမှု ဖွင့်လှစ်ပေးမည် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ဇွန်လ  ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် လမိုင်းမြို့၌ ဖြစ်ပွားခဲ့သော တရားမဝင် အွန်လိုင်းလေလံမဲကိစ္စတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်ခဲ့ရသည့်အခြေအနေနှင့်ပတ်သက်ပြီး ပြောခဲ့ခြင်း ဖြစ်သည်။

“ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ တရားဥပဒေအရပဲ ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ တိုင်တဲ့သူတွေရှိရင် တိုင်တဲ့အတိုင်း ကျွန်တော်တို့ အမှုဖွင့်ပေးပါမယ်။ တရားရေးမှာ သွားပါ၊ ရင်ဆိုင်ပါ။ အုပ်ချုပ်ရေးအပိုင်းလည်း ညှိပေးမှာ မဟုတ်သလို ရဲအပိုင်းလည်း ညှိပေးမှာ မဟုတ်ဘူး။ အဲဒီနေ့က ကျွန်တော့်စကားတောင်မှ ပြင်းပြင်းထန်ထန်လေး အုပ်ချုပ်ရေးအဖွဲ့တွေရော၊ ရဲတပ်ဖွဲ့တွေကိုပါ ပြောခဲ့တယ်။ ရဲတို့၊ အုပ်ချုပ်ရေးတို့ဟာ ပွဲစား မဟုတ်ပါဘူး။ ဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်။ ညှိတာ၊ မညှိတာ ကျွန်တော်တို့ အလုပ်မဟုတ်ဘူး။” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ အဆိုပါ လမိုင်းမြို့ ငွေစုငွေချေးလေလံမဲတွင် လုပ်ငန်းအမည်သတ်မှတ်ထားခြင်းမရှိဘဲ Group ၂ ခု ဖြင့် ဖွဲ့စည်းပေးထားကာ IC Group တွင် မခိုင်ရည်မွန်က ဦးဆောင်ပြီး NNCC Group တွင် မိငြိမ်းချမ်းက ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အွန်လိုင်းဖြင့် ငွေစုခြင်း၊ ငွေချေးခြင်း၊ လေလံမဲလုပ်ငန်းမှာ လမိုင်းမြို့နှင့် နီးစပ်သော ကျေးရွာများမှ လေလံမဲ ငွေစုသူ ၂၀၀ ခန့်၏ ငွေကြေးများ(ငွေကျပ်သိန်းပေါင်း ၁၁ သောင်းခန့် )ကို စုမဲဒိုင်ဖြစ်သူ မခိုင်ယဉ်မွန်က မေ ၁၉ ရက်နေ့တွင် ငွေထုတ်ပေးခြင်း ခေတ္တ ပ်ဆိုင်းလိုက်သဖြင့် မေလ ၂၂ ရက်နေ့တွင် လူစုလူဝေး ဖြစ်ပေါ်ကာ ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဒိုင်နှင့်ပတ်သက်သည့်ဆွေမျိုးအိမ်များ ၈ လုံးခန့်ဖျက်ဆီးခံရသည့်အပြင် ငွေကြေးပစ္စည်း များ လုယက်မှုများရှိလာသည့်အတွက် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ထိန်းသိမ်းပေးခဲ့ပြီး အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာပါက မွန်ပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နေထွဋ်ဦးက ပစ်မိန့်ပေးထားကြောင်း သိရသည်။

အဆိုပါ တရားမဝင် ငွေစုငွေချေးလေလံမဲထည့်ဝင်ကြသူများထဲတွင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများလည်း ပါဝင်နေကြောင်း သိရသည်။

ယင်းလေလံမဲကိစ္စတွင် ဒိုင် ၂ ဦးနှင့် ငွေထည့်ဝင်သူများ ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံများတို့က ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ ဒိုင်ဖြစ်သူ မခိုင်ယဉ်မွန်နှင့် ၄င်းအမျိုးသားက ပေးလျော်ခဲ့ခြင်းမရှိသည့်အတွက် ရေးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မိငြိမ်းချမ်း (ဒိုင်)က ထည့်ဝင်ငွေ ကျပ်တစ်သိန်းလျှင် ၈၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း ၁၈၀၀၀ ခန့် ပြန်လျော်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လမိုင်းမြို့ မြို့မ ၂ ရပ်ကွက်နေ စုမဲဒိုင်လင်မယားနှစ်ဦးဖြစ်သည့် မခိုင်ယဉ်မွန်(ခ)မိကျဲလာနှင့် ၄င်းအမျိုးသား တို့အား ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၀၆ ဖြင့် တွဲလျက်အမှုပေါင်း ၂၇ မှုတွင် ငွေကျပ်သိန်း ၃၁၈၃၂ ရှိကြောင်း၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဂ) ၃ မှုတွင် ငွေကျပ်သိန်း ၅၀၆၁ ရှိကြောင်း စုစုပေါင်းအမှု ၃၀ ကို စုမဲထည့်ဝင်ထားသူများက တရားလိုပြုလုပ်တိုင်ကြားထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ အမှုဖွင့်ထားတဲ့သူတွေက မဲထည့်တဲ့အစုအဖွဲ့တွေ တစ်မဲမှာ လူဘယ်လောက်ပါလဲဆိုတာမသိဘူး။ တစ်မဲကို တစ်မှုနဲ့ဖွင့်ထားတယ်။ မခိုင်ယဉ်မွန်ကလည်း သူ့နေအိမ်နဲ့ သူ့အမျိုးနေအိမ်ကို ဖျက်စီးခဲ့တဲ့သူတွေကိုလည်း ပြန်ပြီးတော့ အမှုဖွင့်ထားတာရှိတယ်။ စုမဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ နေအိမ်ဖျက်ဆီးမှုကို ရာဇသတ်ကြီးပုဒ်မ ၃၉၅ နဲ့ သူက ၃ မှု၊ သူ့ဆွေမျိုးက ၁ မှု စုစုပေါင်း ၄ မှု ဖွင့်လှစ်ထားပါတယ်။” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးဦးစီး ရဲမှူးမြင့်ဝင်းက က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စုမဲဒိုင်လင်မယားနှစ်ဦးအား ရေးမြို့မရဲစခန်းတွင် ဥပဒေအရ ထိန်းသိမ်းထားပြီး မခိုင်ယဉ်မွန် နေအိမ်နှင့် ၄င်းအမျိုးနေအိမ် ဖျက်ဆီးခဲ့သူကို မှတ်တမ်းအရ ဖမ်းဆီးထားကာ စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly