ဟက်ထရစ် သွင်းယူပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ ရော်နယ်လ်ဒိုက “ပါရမီရှင်”ပါ - ဆန်းတို့စ်

ဟက်ထရစ် သွင်းယူပြီး နေးရှင်းလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ ရော်နယ်လ်ဒိုက “ပါရမီရှင်”ပါ - ဆန်းတို့စ်
Photo: EPA

ဆွစ်ဇာလန်အသင်းဘက်ကို ဟက်ထရစ်သွင်းယူပြီး နေးရှင်းလိဂ် (Nations League) ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို “ဘောလုံးလောကရဲ့ ပါရမီရှင်”လို့ ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ပွဲအပြီးမှာ ချီးကျူး ပြောဆိုသွာခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဖရီးကစ်အဖွင့်ဂိုးအပါအဝင် အနိုင်ဂိုး (၃)ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီးတော့ ပွဲအပြီးမှာ ပေါ်တူဂီက ဆွစ်ဇာလန်ကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် (၃၄)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ နိုင်ငံတကာ သွင်းဂိုး (၈၈)ဂိုးအထိ ရှိလာခဲ့ပြီသလို ကစားသမားဘဝမှာ ဟက်ထရစ် (၅၃) ကြိမ်မြောက် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"၂၀၀၃ ခုနှစ်မှာကတည်းက သူ့ရဲ့ နည်းပြအဖြစ် ကျနော်ရှိနေခဲ့ပြီး သူဘယ်အဆင့်အတန်းထိ ရောက်အောင်သွားနိုင်မလဲဆိုတာကို ကျနော်မြင်နိုင်ခဲ့ပါတယ်။"လို့ ဆန်းတို့စ်က ပြောပါတယ်။ "သူက ပါရမီရှင်တစ်ယောက်ပါ။ ပါရမီရှင်တွေဆိုတာက ရေးဆွဲပြီး ထွင်းထုတတ်သူတွေပါ။ သူဟာ ဘောလုံးလောကရဲ့ ပါရမီရှင်တစ်ယောက်ပါပဲ။"

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့ ပထမဆုံးရာသီမှာ နိုင်ငံတကာပွဲစဉ်တွေကနေ အနားယူခဲ့တာကြောင့် ပေါ်တူဂီအသင်းအနေနဲ့ သူတို့ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ရော်နယ်လ်ဒိုမပါဘဲ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုဟာ မတ်လမှာ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

ပေါ်တူဂီဟာ ဒီနိုင်ပွဲကြောင့် ကြာသပတေးနေ့ (ယနေ့)မှာ ဆီမီးဖိုင်နယ်ကစားကြမယ့် အင်္ဂလန်နဲ့ နယ်သာလန်တို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly