ဓမ္မစက်ဖြင့် ခေါ်ယူချိန်ကို စောင့်ဆိုင်းနေခြင်းသာဖြစ်ပြီး ဝရမ်းပြေးမဟုတ်ကြောင်း ဦးဝီရသူ မိန့်ဆို

ဓမ္မစက်ဖြင့် ခေါ်ယူချိန်ကို စောင့်ဆိုင်းနေခြင်းသာဖြစ်ပြီး ဝရမ်းပြေးမဟုတ်ကြောင်း ဦးဝီရသူ မိန့်ဆို
ဓာတ်ပုံ-ရဲအောင်သူ/AFP

ရန်ကုန်၊ ဇွန် ၅ ။          ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသည့် ဆရာတော် ဦးဝီရသူက သံဃာ့မဟာနာယကမှ ဓမ္မစက်ဖြင့် ခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ဝရမ်းပြေး မဟုတ်ကြောင်း VK တွင် ဗီဒီယိုဖိုင်ဖြင့် မိန့်ဆိုလိုက်သည်။

ဇွန်လ ၅ ရက်နေ့ ညနေပိုင်း၌ ရုရှားလူမှုကွန်ရက်ဖြစ်သော VK တွင် ဗီဒီယိုဖိုင်တင်ပြီး ဦးဝီရသူက မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။

"ခင်ဗျားတို့တွေကသာ တရားရုံး မလာတိုင်း ဝရမ်းပြေး၊ ဝရမ်းပြေးလို့ သတ်မှတ်ကြပေမယ့် သံဃာတွေကတော့ အစိုးရနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေမှာ သံဃာတော်တွေ အချင်းချင်း ဝရမ်းပြေးလို့ ဘယ်သောအခါမှ မသတ်မှတ်ဘူး။ အဲဒါတော့ ခင်ဗျားတို့တွေ မှတ်ထား။ အေး ကျုပ်လည်း အဲဒီအတိုင်းပဲ။ ခင်ဗျားတို့ တရားရုံးကလည်း ကျုပ်ကို ဝရမ်းပြေးအဖြစ် သတ်မှတ်တယ်။ ခင်ဗျားတို့ မီဒီယာတွေကလည်း ဝရမ်းပြေးအဖြစ် ရေးတယ်ပဲ ထားကြပါဦးတော့ဗျာ။ ကျုပ်လာတာက ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူဖို့လာတာ။ ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူဖို့ လာတဲ့အချိန်ကျမှပဲ ဖမ်းဝရမ်း ဆိုတာ သိရတာ" ဟု ဦးဝီရသူက ဆိုသည်။

ဦးဝီရသူအနေဖြင့် အဖမ်းခံပြီး ထောင်ထဲဝင်ရန် ဇွန်လ ၃ ရက်နေ့ကတည်းက ပြင်ဆင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

"ကျုပ်က ဘုရားသားတော်ဖြစ်တယ်။ အရင်တုန်းကလည်း ဓမ္မစက်ရဲ့ အဆုံးအမကို နှစ်ကြိမ်တိတိခံဖူးပြီးသား။ အခုလည်း ခံယူဖို့လာတယ်။ အခု ပျက်ကွက်သွားတယ်" ဟု ဦးဝီရသူက ဆက်လက်မိန့်သည်။

လက်ရှိတွင် သံဃနာယကမှ ခေါ်ယူမည့် အချိန်ကို စောင့်ဆိုင်းနေပြီး "ကျုပ်က ဓမ္မစက်ရဲ့ အဆုံးအမကို ခံယူပြီးမှ ခင်ဗျားတို့ အာဏာစက်နဲ့ ရင်ဆိုင်မယ်လို့ ပြောပြီးသားပဲ။ အဲဒီတော့ ကျုပ်မလာလို့ ဝရမ်းသက်တမ်းတိုးလည်း တိုးပေါ့ဗျာ။ ခင်ဗျားတို့ ဝရမ်းပြေးလို့ သတ်မှတ်တာ သတ်မှတ်ပေါ့ဗျာ။ ခင်ဗျားတို့ စာနယ်ဇင်းတွေ ဝမ်းသာအားရ ရေးတာ ရေးပေါ့ဗျာ။ ကျုပ် ဝီရသူကတော့ ကိုယ့်ကိုကိုယ် ဝရမ်းပြေးလို့ မသတ်မှတ်ဘူး။ ဓမ္မစက်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေတဲ့ ဘုရားသားတော်တစ်ပါးလို့ ကိုယ့်ကိုကိုယ် ခံယူထားပါတယ်ခင်ဗျာ" ဟု ဦးဝီရသူက မိန့်သည်။

မေလ ၅ ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေလ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို တရားရုံးက လက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီး ဇွန်လ ၄ရက်ကို ဖမ်းဝရမ်း နောက်ဆုံး ရက်အဖြစ် သတ်မှတ်ထားသည်။

လတ်တလော ဦးဝီရသူကို ရာဇဝတ်အထွေထွေအမှုဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက ထပ်တိုး အမှုဖွင့်ထားသည်။

ဆရာတော် ဦးဝီရသူကို ဓမ္မစက်လမ်းကြောင်းအတိုင်း ခေါ်ယူဆုံးမပြီးမှသာလျှင် အာဏာစက်လမ်းကြောင်း အတိုင်းသွားခြင်းက ဓမ္မဝိနိယဥပဒေအားလုံးနှင့် နည်းလမ်းတကျဖြစ်မည်ဟု ဇွန် ၄ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်တွင် ပြုလုပ်သော အမျိုးဘာသာသာသနာအတွက် ဆုတောင်းမေတ္တာပို့ပွဲတွင် အခမ်းအနားကျင်းပရေး ပြောရေးဆိုခွင့်ရှိသူ ဦးသုစိတ္တသာရက  မိန့်ကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly