ဒေါ်အောင်ဆန်းစုကြည်နှင့် ဟန်ဂေရီဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟန်ဂေရီဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
ဓာတ်ပုံ - EPA

ရန်ကုန်၊ ဇွန် ၆ ။           ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Mr. Viktor Orban နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးအပါအဝင် စီးပွားရေးဆိုင်ရာကိစ္စရပ်များ  ဇွန် ၅ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဘူဒါပတ်စ်မြို့ရှိ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်ရုံး၌ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရေး၊ ရခိုင်ပြည်နယ် အရေးတွင် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များ မြန်မာနှင့်ဟန်ဂေရီနှစ်နိုင်ငံအကြား သံရုံးများ အပြန်အလှန် ဖွင့်လှစ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Peter Szijjarto နှင့်လည်း ၎င်းရုံးသို့ သွားရောက်တွေ့ဆုံသည်။

ဟန်ဂေရီနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးမည့် Tied Aid Credit ချေးငွေကိစ္စ၊ စီးပွားရေးသာမက လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ အာဆီယံဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်သွားရေးများ ဆွေးနွေးခဲ့သည်။

ဟန်ဂေရီမှ မြန်မာနိုင်ငံသို့ ပညာတော်သင်ဆုများ ဆက်လက်ပေးအပ်သွားရေး၊ မြန်မာနှင့်အီးယူ အကြား ကုန်သွယ်မှုတွင် ဟန်ဂေရီမှ အကူညီပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး များတွင် ဟန်ဂေရီနိုင်ငံမှ အပြုသဘော အကူအညီပေးသွားမည့်ကိစ္စများအား ဟန်ဂေရီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဟန်ဂေရီနိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးတို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲဲ ပြုလုပ်ခဲ့ကြသည်။

ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေခြင်း ဖြစ်ပြီး ဇွန် ၅ ရက်မှ ၆ ရက် အထိ ရောက်ရှိနေခြင်းဖြစ်သည်။

ဇွန် ၂ ရက်မှ ၄ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ဆက်ဆံရေးတိုးမြှင့်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly