ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ်ပေးမည့် သွင်းကုန်ဆိုင်ရာဥပဒေကြမ်းတစ်ခု လွှတ်တော်ကို တင်သွင်း

ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ်ပေးမည့် သွင်းကုန်ဆိုင်ရာဥပဒေကြမ်းတစ်ခု လွှတ်တော်ကို တင်သွင်း
ဓာတ်ပုံ - EPA

နေပြည်တော်(ဇွန် ၅ရက်၊ ၂၀၁၉ခုနှစ်)။      ။ ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်းများ ထိခိုက်နစ်မှုကို ကာကွယ်ပေးနိုင်ရန်နှင့် ကုစားပေးနိုင်ရန် ရည်ရွယ်ရေးဆွဲထားသည့် ‘သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးရေး ဥပဒေကြမ်း’ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၅ရက်တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းလိုက်သည်။

မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်စည်တစ်မျိုးမျိုးသည်   မြင့်တက်လာပြီး ပြည်တွင်းရှိ အလားတူ ကုန်ပစ္စည်း သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့် ကုန်စည်ထုတ်လုပ်သူများအပေါ် ထိခိုက်နစ်နာမှု သို့မဟုတ် ၄င်းကဲ့သို့ ဖြစ်စေရန် ခြိမ်းခြောက်မှုတို့ ဖြစ်ပေါ်လာပါက ကာကွယ်ပေးမည့် အစီအမံများ ဥပဒေကြမ်းတွင် ပါဝင်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

“အထူးသဖြင့် ထွန်းသစ်စ လုပ်ငန်းလေးတွေက ပြိုင်ပြီးတော့မှ မရောင်းချနိုင်တဲ့  အခြေနေမျိုးရှိတယ်ပေါ့။ ရှိတဲ့ အခါကျတော့ ပြည်တွင်းမှာလည်း ဒီပြဿနာတွေ ဖြစ်နေတယ်။ တချို့လုပ်ငန်းလေးတွေက ပျောက်ကွယ်သွားတယ်။ ဘာလို့လဲဆိုတော့ မပြိုင်ဆိုင်နိုင်တဲ့ အတွက်။ အဲ့တော့ သူတို့ကို ပြိုင်ဆိုင်နိုင်ဖို့ အတွက် အချိန် အတိုင်းအတာ တစ်ခုအထိတော့ ပေးဖို့ လိုအပ်တာပေါ့” ဟု ဦးအောင်ထူးက မီဒီယာများကို ပြောသည်။

ထိုဥပဒေပြ႒ာန်းပေးရန် ပုဂ္ဂလိကလုပ်ငန်းရှင်းများဘက်မှ တောင်းဆိုမှုများ ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ သဘောတူညီချက်တွေ ပါရှိသည့် ထွန်းသစ်စ ပြည်တွင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါက သွင်းကုန်အကာအကွယ်ပေးမှုအခွန်နှင့် သွင်းကုန် အရေအတွက်ကို သတ်မှတ်ခြင်းကဲ့သို့ သုံးနှစ်ခန့် အကာအကွယ်ပေးနိုင်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့မှုသည် ၎င်းတို့ ပြည်တွင်းလုပ်ငန်းများကို ထိခိုက်သည်ဟုဆိုကာ EU အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အီတလီနှင့် စပိန်နိုင်ငံတို့က အဆိုပါဥပဒေဖြင့် ထိန်းချုပ်ထားသည်။

“Safeguard Law အရ ဆိုရင် သူတို့က ဒီနှစ်မှာ ဆိုရင် ဆန် ၁ တန် တင်ပို့တယ်ဆိုရင် ၁၇၅ ဒေါ်လာ ကောက်ခံမယ်ပေါ့။ နောက်နှစ်ကျရင် ဒေါ်လာ ၁၅၀ ပေါ့။ နောက်တနှစ်ကျရင် ၁၂၅ ဆိုပြီးတော့မှ Safeguard Law ကို ကျွန်တော်တို့ ကျင့်သုံးတယ်ပေါ့လေ။ အဲ့ဒီအခါကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်ကျင့်သုံးဖို့ ဆိုတာ ဥပဒေ အခြေခံက မရှိသေးဘူး ဖြစ်နေတယ်။ အဲ့တော့ ဥပဒေ ပြဌာန်းဖိို့ လိုအပ်တယ်။ ဒါကြောင့်မို့ ကျနော်တို့က ဥပဒေ ပြဌာန်းဖိို့ကို ဆောင်ရွက်တာ” ဟု ဦးအောင်ထူးက ဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို  WTO ၏ Safeguard measure ပြဋ္ဌာန်းချက်များကို အခြေခံကာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အကြံပြုချက်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ WTO Rules Sectionနှင့် UNESCAP ၊ ပြည်ထောင်စုရှေ့နေချုပ်စသည့်နေရာများမှ အကြံပြုချက်များကို ရယူကာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒုဝန်ကြီးက ဆက်လက် ပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျန်ရှိသည့် လျှော့စျေးဖြင့် စုပုံတင်ပို့ရောင်းချခြင်း( Anti-dumping measure) နှင့် အစိုးရ အထောက်အပံ့ရယူ တင်ပို့ရောင်းချခြင်းတို့ကြောင့် ထိခိုက်နစ်နာမှုအပေါ် ကုစားမှု ဥပဒေ (Countervalling measure) မူကြမ်းများကိုလည်း လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly