လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ(၃.၇)သန်းခန့်သေဆုံးနေ

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ(၃.၇)သန်းခန့်သေဆုံးနေ

မကွေး၊ ဇွန် ၅ ။          ။ လေထုညစ်ညမ်းမှုကြောင့်နှစ်စဉ် လူဦးရေ(၃.၇)သန်းခန့်သေဆုံးနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် လေ့လာ ဆန်းစစ်တွေ့ရှိချက်အရသိရသည်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ဇွန်လ(၅)ရက်နေ့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လေထုညစ်ညမ်းမှုဟာ ကြောက်မက်ဖွယ်ရာ အသံတိတ်လူသတ်သမားဖြစ်ပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီ အစဉ်ရဲ့ လေ့လာဆန်းစစ်တွေ့ရှိချက်အရ အိမ်တွင်းနဲ့ စက်ရုံအလုပ်ရုံအတွင်း လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပြီး နှစ်စဉ် လူဦးရေ (၄.၃)သန်းခန့်နဲ့ ပြင်ပလေထု ညစ်ညမ်း မှုကြောင့် နှစ်စဉ်လူဦးရေ(၃.၇)သန်းခန့် သေဆုံးနေကြရကြောင်း သိရှိရပါတယ်။ ဒါအပြင် ကမ္ဘာ့မြို့ပြဒေသ တွေမှာ နေထိုင်တဲ့လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်သာ သန့်ရှင်းတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေကို ရှူရိုက်ခွင့် ရကြကြောင်း လေ့လာသိရှိရပါတယ်” ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ခံစားနေကြရပြီး လူသားများ၏ အသက် များ ဆုံးရှုံးစေရုံသာမက လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာကြီးပူနွေးစေပြီး ရာသီဥတု ဖောက်ပြန် ပြောင်းလဲ မှုကိုပါ ဖြစ်စေကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုသည်။

“လေထုမညစ်ညမ်းစေဖို့ လေကောင်းလေသန့်ရရှိဖို့အတွက် လူတစ်ဦးချင်းဆီရဲ့ ခံယူချက်လုပ်ဆောင်ချက် တွေကစပြီး အခြေခံကျကျ ပြုပြင်ပြောင်းလဲသွားကြရမှာဖြစ်ပါတယ်”ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

ထို့အပြင် တစ်ဦးချင်းမော်တော်ယာဉ်အသုံးပြုမှုကိုတတ်နိုင်သမျှလျှော့ချရေး၊ အများသုံးဘတ်စ်ကားစီးခြင်း၊ မီးရထားစီးခြင်း အလေ့အထတို့ကို ဆောင်ရွက်ကြရေးအပါအဝင် ကျန်းမာရေးနှင့် ညီညွတ်ပြီး လေထုညစ်ညမ်း မှုကို မဖြစ်စေသည့် စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း အလေ့အထတို့ကို လေ့ကျင့်ပျိုးထောင်ကြရန်၊ လျှပ်စစ် မီးကို အကျိုးရှိစွာချွေတာသုံးစွဲကြရန်၊ နေအိမ်များရှိ လူသုံးပစ္စည်းအမှိုက်နှင့် အိမ်တွင်းအမှိုက်သရိုက် များ ထွက်ရှိမှုပမာဏကို လျှော့ချရန်၊ သစ်တော၊ သစ်ပင်များကို ချစ်ခင်မြတ်နိုးထိန်းသိမ်းကြရန်၊ လေထု အရည် အသွေးကို များစွာထိခိုက်စေသည့် မှန်လုံအိမ်အာနိသင်ရှိသော ဓာတ်ငွေ့ထုတ်လွှတ်နေမှုများကို ကဏ္ဍ အသီးသီးမှ အတတ်နိုင်ဆုံးလျှော့ချရန်၊ မိမိတို့ သိထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးကြရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required