ရန်ကုန် ၊ ဇွန် ၄ ။ ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံထားရသည့် ဦးဝီရသူအား သတ်မှတ် ထားသည့် ဇွန်လ ၄ ရက်နေ့အထိ ရဲတပ်ဖွဲ့မှ တရားရုံးသို့ ခေါ်ဆောင်လာနိုင်ခြင်းမရှိခြင်းကြောင့် ဝရမ်းပြေး အဖြစ် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ ဇွန်လ ၄ရက် (ယနေ့) တွင်ကြေညာလိုက်သည်။
၎င်းအား မူလအမှုဖွင့်ထားသည့် ရာဇသတ်ကြီးအမှုအမှတ် ၄၇/၂၀၁၉ အား ရာဇဝတ်အထွေထွေမှုအမှတ် ၃၉/၂၀၁၉ အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်ပြီး ယင်းအတွက် ဝရမ်းအသစ်ကို ထပ်မံထုတ်ပြန်ရမည်ဖြစ်ရာ ဦးဝီရသူ၏ ရုံးချိန်းအား နောက်တစ်ပတ် ဇွန်လ ၁၁ ရက်သို့ ချိန်းဆိုလိုက်ကြောင်း တရားရုံးတာဝန်ရှိသူထံမှ သိရသည်။
ရာဇဝတ် အထွေထွေမှု မှာ ဝရမ်းပြေး ၊ တရားခံပြေးအဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး တရားရုံးမှ ယင်းသို့ သတ်မှတ်လိုက်ပါက ထိုသူအား တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံနိုင်မည်ဖြစ်သည်။
မေလ ၅ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေလ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ခဲ့သည်။
ယင်းအမှုကို တရားရုံးက လက်ခံကာ ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီး ယနေ့ ဇွန်လ ၄ရက်ကို ဖမ်းဝရမ်း နောက်ဆုံး ရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
ယင်းအတွက်ကြောင့် တရားရုံးမှ ရာဇဝတ်အထွေထွေမှု အဖြစ် ပြောင်းလဲပြီး ဝရမ်းအသစ် ထပ်မံ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ဦးဝီရသူသည် လူမြင်ကွင်းသို့ ထွက်မလာသေးဘဲ ၎င်းအနေဖြင့် သံဃနာယက ဆရာတော် များ၏ ဆုံးမဩဝါဒကို ခံယူပြီးမှ အာဏာစက်ဖြင့် အရေးယူမှု ခံမည်ဟု မေလ ၃၁ရက်က ရုရှားလူမှုကွန်ယက် VK မှတစ်ဆင့် ဖြန့်ဝေသည့် အသံဖိုင်တွင် ပြောကြားထားသည်။
မွတ်စလင်ဆန့်ကျင်ရေးဆရာတော်တစ်ပါးအဖြစ်ထင်ရှားသည့် မဘသ ဆရာတော် ဦးဝီရသူသည် အမုန်းတရားများနှင့် ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများကို ဒေသအသီးသီးတွင် ဟောပြောခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း နိုင်ငံတော်သံဃမဟာနယာကအဖွဲ့က ၎င်းကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့သေးသည်။
ထို့ပြင် ဦးဝီရသူကို အမုန်းစကားများ ဖြန့်သည်ဟုဆိုကာ Facebook ကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ကြေညာခဲ့သည်။
"တရားခံပြေးအဖြစ် သုံးစွဲလို့ရပြီ။တရားခံပြေးဖြစ်သွားခြင်းကြောင့် အကျိုးဆက်က ဘာတွေဖြစ်သွားလဲဆိုတော့ မူလဖမ်းဝရမ်းတုန်းက ဝရမ်းလက်ဝယ်ရှိတဲ့ရဲစခန်းပဲ ဖမ်းဆီးခွင့်ရှိတယ်။ အခုတရားခံပြေး ကြေညာလိုက်တဲ့အခါကျတော့ တစ်ပြည်လုံးက ဘယ်ရဲတပ်ဖွဲ့စခန်းဖြစ်ဖြစ် ဦးဝီရသူကို ဖမ်းခွင့်ရှိသွားတယ်" ဟု ဥပဒေရေးရာကျွမ်းကျင်သူ ထောင်မှူးကြီးဟောင်း ဦးခင်မောင့်မြင့်က ပြောဆိုသည်။