ဖမ်းဆီးခံရသည့် ကရင်နီလူငယ်အား မိဘများသာ ထောင်ဝင်စာတွေ့ရ

ဖမ်းဆီးခံရသည့် ကရင်နီလူငယ်အား မိဘများသာ ထောင်ဝင်စာတွေ့ရ
ဓာတ်ပုံ- တိုးတက်သောကရင်နီပြည်သူ့အင်အားစု- PKPF

ရန်ကုန် ၊ ဇွန် ၄ ။          ။ ကယားပြည်နယ်အစိုးရက အမှုဖွင့်ထားပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ကိုခူးကြူး ဖဲကေး (ခ) ဂူးဂူး ကို မိသားစုများကသာ ထောင်ဝင်စာ တွေ့ရပြီး ပြင်ပဧည်သည့်များက တွေ့ခွင့်မရှိကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ဂူးဂူး ကို ရဲအချုပ်ကနေ ရမန်ယူပြီး ထောင်ကို ပို့လိုက်တယ်။ ထောင်ဝင်စာတွေကိုတော့ မိဘတွေကလွဲလို့ ကျန်တဲ့ ဧည့်သည်တွေ ပြင်ပဧည့်သည်တွေကိုတော့ ထောင်ဝင်စာပိတ်ပင်ထားတယ်” ဟု ၎င်းက ဆိုသည်။

ကိုခူးကြူးဖဲကေး(ခ)ဂူဂူး ကို ဇွန်လ ၂ရက်နေ့ညနေပိုင်းတွင် ဖရူဆိုမြို့သို့သွားရာ လမ်းတွင်ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၃ ရက်နေ့တွင် ရမန် နှစ်ပတ်ယူကာ လွိုင်ကော်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ဝန်ကြီးဦးမော်မော်တို့နှစ်ဦးသည် နိုင်ငံရေးရာဇဝတ် ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့တွင် ကရင်နီလူငယ်များက သတ်မှတ်ကြေညာခဲ့သည်။

ယင်းအတွက်ကြောင့် ကယားပြည်နယ်အစိုးရမှ ကရင်နီ လူငယ် ၆ ဦးဖြစ်သည့် ကိုခူကြူးဖဲကေး(ခ)ဂူးဂူး ၊ ကိုဂျွန်ပေါ(ခ)ပျားလေး ၊ ကိုမျိုးလှိုင်ဝင်း (ခ)ပါစကွားလယ်၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ(ခ)စစ်မုန်း၊ ကို ခူးရီဒူး(ခ)ခူးရီးရယ် တို့ကို  နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရဲတပ်ဖွဲ့က ၎င်းတို့အားတရားခံပြေးအဖြစ် မေလ ၃၁ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဝရမ်းထုတ်ခံရသူ ၆ ဦးအနက် ကိုဂူးဂူး ကို ပထမဆုံးဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြစ်မှုထင်ရှားကာ စီရင်ခြင်းခံရလျင် အနည်းဆုံး ၆ လမှ အများဆုံး ၃နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံးကျပ်ဆယ့်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။

 “အဆုံးမသတ်သေးတဲ့ ကရင်နီပြည် ကြေးရုပ်တုကိစ္စ လူငယ်လှုပ်ရှားမှု အရှိန်အဟုန် ပိုမြင့်လာမယ်” ဟု ကိုဂူးဂူး ဖမ်းဆီးခံရပြီးနောက် တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ကြေညာခဲ့သည်။

လက်ရှိတွင် အမှုဖွင့်ထားသည့် ကရင်နီလူငယ်များနှင့် အစိုးရအကြား ပြေလည်မှုရရှိရန်အတွက် ဝင်ရောက်ဆောင်ရွက်ရန် ကရင်နီပြည် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြားတွင် ညှိနှိုင်းနေသည်ဟု ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုသည်။

ပြည်နယ်အစိုးရမှဦးဆောင်အမှုဖွင့်ထားသည့်ကရင်နီလူငယ်များသည်လွိုင်ကော်တွင်စိုက်ထူထားသည့်ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖျက်သိမ်းရေးအား ဦးဆောင်လှုပ်ရှားခဲ့သူများလည်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required