ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသာဖြစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့ လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့ လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ

ကလေးဆိုတာကတော့ ငိုမှာပါပဲ။ မွေးကင်းစကလေးငိုတာက ရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။ မွေးကင်းစကလေးတွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။

ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။

  •     အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊ သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်
  •     ညနေတိုင်းအချိန်မှန်ငိုနေတာက နေ့တိုင်းဖြစ်နေခဲ့ရင်
  •     တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျေ်ာလောက်အထိငိုနေမယ်ဆိုရင်
  •     အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင်
  •     ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင်

အခြားလက္ခဏာများ

  •     လက်သီးကို ဆုပ်ရင်းငိုနေရင်
  •     သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ ငိုနေရင်
  •     ဗိုက်ထဲက လေပွနေတာမျိုးဖြစ်နေရင်
  •     မျက်နှာနီရဲပြီးငိုနေရင်
  •     ဗိုက်ကြွက်သားလေးတွေတင်းနေရင်

ဘာကြောင့် လေနာဖြစ်ရတာလဲ

ကလေးတွေမှာ လေနာဖြစ်ရတဲ့အကြောင်းအရင်းကိုဘယ်သူမှတိတိကျကမသိသေးပါဘူး။ ကလေးတွေရဲ့ အူတွေက သေသေချာချာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်နိုင်သလို မိခင်နို့အပြင် ကလေးတွေကို တိုက်ကျွေးတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓာတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ နို့နဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ လေနာဖြစ်သလို လက္ခဏာတွေပြတတ်ပါသေးတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးလိပ်သောက်သုံးတဲ့မိခင်တွေရဲ့ ကလေးတွေမှာ လေနာဖြစ်နိုင်ခြေက ပုံမှန်ထက်  နှစ်ဆလောက်ပိုနေတတ်ပါတယ်။ မိခင်နို့ပဲတိုက်တိုက် နို့မှုန့်ပဲတိုက်တိုက် လေနာဖြစ်နိုင်ခြေက အတူတူပါပဲ။
ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

လေနာဝေဒနာက ကလေး ၃ လအရွယ်လောက်မှာ သူ့ဘာသာအလိုလိုဖြစ်လာတတ်တဲ့ ဝေဒနာပါ။ ကလေးလေနာကို စောင့်ရှောက်ပေးနိုင်မယ့် နည်းလမ်းအချို့တော့ရှိပါတယ်။ ဒါတွေကတော့ –

လေထိုးလေအောင့်သက်သာစေမယ့်ဆေးတစ်မျိုးမျိုးတိုက်ရပါမယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး လေအောင့်ပျောက်စေနိုင်တဲ့ဆေးတိုက်ကျွေးပေးလို့ရပါတယ်။

Probiotics- Probiotics ဆိုတာက အစာခြေလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိရာမှာကူညီပေးတဲ့ အရာတစ်ခုပါ။ ကလေးတွေမှာလေနာ ဖြစ်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့အစာခြေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှမျှတတ မရှိတာကြောင့်ဖြစ်ပါတယ်။

ကလေးကို သက်သာစေအောင်ဆေးတစ်ခုခုတိုက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်တာအကောင်းဆုံးဖြစ်ပါမယ်။
ကလေးကို လေနာသက်သာစေနိုင်မယ့် အခြားနည်းလမ်းများ

ကလေးငိုနေတာကိုထိုင်ကြည့်နေဖို့ဆိုတာက မိဘတွေအတွက်တော့ တော်တော်လေးမလွယ်တာပါ။ တချို့မိဘတွေကျတော့လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းတွေက ကလေးကိုလေနာမဖြစ်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။

  •     ကလေးကို အစားအစာတွေကျွေးတဲ့အချိန်မှာ မတ်မတ်လေးထားပေးပါ။
  •     ကလေးကို တစ်ခါကျွေးရင်နည်းနည်းနဲ့ အကြိမ်ရေများများကျွေးပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးမှာလေနာဝေဒနာဖြစ်ပေါ်နိုင်ခြေကို လျော့ပါးစေနိုင်ပါတယ်။
  •     ကလေးကိုကျွေးမွေးနေတဲ့ အာဟာရမှုန့်တွေနဲ့နို့မှုန့်တွေကို စမ်းပြီးပြောင်းကျွေးကြည့်ပါ။
  •     ကလေးကိုနို့တိုက်ရာမှာ အသုံးပြုနေတဲ့ နို့ဗူးတွေ၊နို့သီးခေါင်းတွေကို ပြောင်းသုံးကြည့်ပေးပါ။ ဒီနည်းလမ်းလေးတွေကလည်းကလေးကိုလေနာသက်သာအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။
  •     ကလးကို လေနာသက်သာစေဖို့က စိတ်အေးလက်အေးဖြစ်အောင်လုပ်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်။
  •     ကလေးကို တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲမှာ လှဲလျောင်းစေတာမျိုး
  •     စောင်လေးနဲ့ထွေးပေးထားတာမျိုး
  •     ပေါင်ပေါ်မှာမှောက်လျက်သားလေးထားပြီး လေထုတ်ပေးတာမျိုး
  •     ကလေးကို နှိပ်နယ်ပေးတာမျိုး ဗိုက်ကိုရေနွေးပုလင်းခပ်နွေးနွေးလေးနဲ့ကပ်ပေးတာမျိုး
  •     ရေနွေးနဲ့ရေချိုးပေးတာမျိုးတွေလုပ်ပေးလို့လည်းရပါသေးတယ်။

ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်

  •     ကလေးကဝမ်းပျက်နေပြီး ဝမ်းထဲမှာသွေးပါလာရင်
  •     အစားမှန်မှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာရင်
  •     အဖျားက ၁၀၀.၄ ထက်ကျော်နေရင်
  •     အန်နေရင်
  •     ဖျားပြီးအီနေရင်
  •     တက်တက်ကြွကြွမရှိဘဲ ကလေးကပုံမှန်ထက်ငြိမ်နေရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုပါလိမ့်မယ်။

   ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly