မိတ်ဆွေဟောင်း ဗားကလပ်ဟာဗယ်လ်၏ ဂူဗိမာန်သို့  ဒေါ်အောင်ဆန်းစုကြည် သွားရောက်

မိတ်ဆွေဟောင်း ဗားကလပ်ဟာဗယ်လ်၏ ဂူဗိမာန်သို့  ဒေါ်အောင်ဆန်းစုကြည် သွားရောက်
ဓာတ်ပုံ-MOFA

ဇွန် ၃ ။         ။ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇွန် ၃ ရက် နံနက်ပိုင်းက ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့တွင် သူ၏ မိတ်ဆွေဟောင်းဖြစ်သူ ချက်သမ္မတဟောင်း ဗားကလပ်ဟာဗယ်လ်၏ ဂူဗိမာန်သို့ သွားရောက်၍ ဂုဏ်ပြုပန်းစည်းချခဲ့သည်။

ချက်ကိုစလိုဗက်ကီးယား လူ့အခွင့်အရေးအတွက် ဦးဆောင်ခဲ့သည့် မစ္စတာ ဗားကလဗ် ဟာဗယ်လ်( Václav Havel) က ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့သူတစ်ဦး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ် နာမည်ကျော် A Rose for Unfree ပေးစာပေးပို့ခဲ့သူလည်း ဖြစ်သည်။  သူ ကွယ်လွန်ချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခဲ့ဖူးခြင်းမရှိဘဲ နေအိမ်အကျယ်ချုပ်မှ လွတ်ချိန် ၂၀၁၀ ခုနှစ်က ဖုန်းဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ စကားပြောဖူးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်ဝန်ကြီးချုပ်  Mr. Andrej Babiš  ၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ချက်နိုင်ငံ၏ မြို့တော် ပရာ့ဂ်ကို ၂၀၁၃ ခုနှစ်က ဖိုရမ်၂၀၀၀ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိခဲ့ပြီး ယခု ဒုတိယအကြိမ် ဖြစ်သည်။

သမ္မတဟောင်း မစ္စတာ ဗားကလဗ်ဟာဗယ်လ်သည် ပြဇာတ်ရေးဆရာ၊ စာစီစာကုံးရေးဆရာ၊အတွေးအခေါ်ပညာရှင်၊ လူ့အခွင့်အရေးကာကွယ်သူ၊ ပဋိညာဉ် ၇၇ ၏ ပြောရေးဆိုခွင့်ရှိ သူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊နိုင်ငံရေးအပြောင်းအလဲများ၏ ခေါင်းဆောင်ပုဂ္ဂိုလ်၊ ချက်ကိုစလိုဗက်ကီးယားနိုင်ငံနှင့် ချက်သမ္မတနိုင်ငံ၏ သမ္မတ၊ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်၊ တက်ကြွစွာပါဝင် ဆောင်ရွက်သော နိုင်ငံသားအဖြစ် ထင်ရှားသူတစ်ဦး ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ ခရီးစဉ် ပြီးဆုံးပါက ဟန်ဂေရီနိုင်ငံသို့ ဆက်လက် သွားရောက်ရန် ရှိနေသည်။

သူသည် ချက်နိုင်ငံခရီးစဉ်အတွင်း ဇွန် ၃ ရက်နေ့က ချက်ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန်လည်ပတ်မှု မြှင့်တင်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ချက်သမ္မတ မိုင်လို့စ်ဇဲမန်နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly