လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ဒေါက်မြင့်ဖိနပ်ပဲ စီးနေရတဲ့ ထုံးစံ ပပျောက်ရေး ဂျပန်မှာ #KuToo လှုပ်ရှားမှု ဆင်နွှဲ

လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ဒေါက်မြင့်ဖိနပ်ပဲ စီးနေရတဲ့ ထုံးစံ ပပျောက်ရေး ဂျပန်မှာ #KuToo လှုပ်ရှားမှု ဆင်နွှဲ

တိုကျို၊ ဇွန် ၃ ။          ။ ဂျပန်နိုင်ငံမှာ လုပ်ငန်းခွင်အတွင်း အမျိုးသမီးဝန်ထမ်းတွေဟာ မဖြစ်မနေဆိုရမလောက် လုပ်ငန်းခွင်အတွင်း ဒေါက်မြင့်ဖိနပ်ပဲ စီးနေရတဲ့ ထုံးစံ ပပျောက်ရေးအတွက် အစိုးရအနေနဲ့ ဖိအားပေးခိုင်းစေတဲ့ အလုပ်ရှင်တွေကို တားဆီးပေးဖို့ ဂျပန်အမျိုးသမီး အုပ်စုတစ်စုက တနင်္လာနေ့မှာ အစိုးရထံ လျှောက်ထားလွှာ တင်ပြခဲ့ကြပါတယ်။

ဂျပန်လို ဖိနပ်လို့ အဓိပ္ပာယ်ရတဲ့ Kutsu နဲ့ နာကျင်မှုလို့ အဓိပ္ပာယ်ရတဲ့ kutsuu စကားလုံးတွေကို ယူပြီး #KuToo လှုပ်ရှားမှုဆိုပြီး ဆင်နွှဲကြရာမှာ အစိုးရထံ တင်ပြတဲ့ အဲဒီ လျှောက်ထားလွှာမှာ အွန်လိုင်းကနေ ပါဝင်လက်မှတ်ထိုးသူပေါင်းဟာ အချိန်တိုခဏအတွင်းမှာပဲ ၁၉၀၀၀ နီးပါး ရှိခဲ့ပါတယ်။

ဒီ #KuToo လှုပ်ရှားမှုကို အမျိုးသမီးသရုပ်ဆောင်လည်းဖြစ်ပြီး အလွတ်တန်းစာရေးဆရာမလည်းဖြစ်တဲ့ ယူမီအီရှီကာဝါက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အစိုးရထံ လျှောက်ထားလွှာကိုလည်း သူ့ကပဲ ဦးဆောင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက လုပ်ငန်းကုမ္ပဏီအားလုံးနီးပါးလောက်ဟာ အလုပ်လိုက်ရှာသူပဲဖြစ်ဖြစ် လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်တဲ့ ဝန်ထမ်းဖြစ်ဖြစ် အမျိုးသမီးတွေဟာ ဒေါက်မြင့်ဖိနပ်ပဲ စီးရတာဟာ ထုံးစံကျင့်ဝတ်လောက်နီးနီး ဖြစ်နေပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

“ဒီကနေ့မှာ ကျွန်မတို့တွေဟာ အစိုးရထံ လျှောက်ထားလွှာ တင်ပြခဲ့တယ်။ လိင်ခွဲခြားတာကြောင့် ဒါမှမဟုတ် လိင်စိတ်တိမ်းညွတ်မှုကြောင့် အလုပ်ရှင်တွေဟာ အမျိုးသမီးတွေကို ဒေါက်မြင့်ဖိနပ်ပဲ ဖိအားပေး စီးခိုင်းတာမျိုးကို ဥပဒေထုတ်ပြီး တားမြစ်ပေးဖို့ အစိုးရဆီ တင်ပြလျှောက်ထားတာပါ။”လို့ အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီးမှာ အီရှီကာဝါက သတင်းထောက်တွေကို ပြောပါတယ်။

သူ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးဌာန တာဝန်ရှိသူဟာလည်း အမျိုးသမီးတစ်ဦးပဲ ဖြစ်ပြီး သူတို့ရဲ့ လျှောက်ထားလွှာကို စာနာနားလည်ကြောင်း အီရှီကာဝါက ဆိုပါတယ်။ “ဒီလို တောင်းဆိုတဲ့ အသံမျိုးက ဝန်ကြီးဌာနဆီ ဒါဟာ ပထမဆုံး ရောက်ရှိလာတာလို့ တာဝန်ရှိအမျိုးသမီးက ကျွန်မတို့ကို ပြောပါတယ်။”ဆိုပြီး အီရှီကာဝါက သတင်းထောက်တွေကို ပြန်လည်ဖောက်သည်ချပါတယ်။

မိမိတို့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ မဖြစ်မနေ ဒေါက်မြင့်ဖိနပ် စီးနေရတဲ့ ထုံးစံ ပပျောက်ရေးအတွက် ဒါဟာ ပထမဆုံး ခြေလှမ်းပါလို့လည်း သူက ပြောပါတယ်။

တစ်ကမ္ဘာလုံးလောက်နီးနီးမှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေရဲ့ #MeToo လှုပ်ရှားမှုအတိုင်း ခြေရာနင်းပြီး အီရှီကာဝါဟာ #KuToo လှုပ်ရှားမှုကမ်ပိန်းကို ဆင်နွှဲတာလည်း ဖြစ်ပါတယ်။

“ဒီလို လုပ်ငန်းခွင်မှာ ဒေါက်မြင့်ဖိိနပ် မဖြစ်မနေ စီးနေရတဲ့ ဒုက္ခမျိုး တော်တော်များများ အမျိုးသမီးတွေလည်း ကြုံဆုံနေရတာကို ကျွန်မ သိလိုက်ရပြီးတော့ ခုလို လှုပ်ရှားမှုကမ်ပိန်းကို စတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။”လို့ ၎င်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required