မကွေးဆေးတက္ကသိုလ်တွင် သေဆုံးခန္ဓာကိုယ် အလှူရှင်များ လိုအပ်နေ

မကွေးဆေးတက္ကသိုလ်တွင် သေဆုံးခန္ဓာကိုယ် အလှူရှင်များ လိုအပ်နေ

မကွေး၊ ဇွန် ၃ ။          ။ မကွေးတိုင်းဒေကြီး၊ မကွေးမြို့ရှိ ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာနအတွက် ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ လေ့လာသင်ကြားနိုင်ရန်အတွက် သေဆုံးသူများ၏ ကျန်ရစ်သည့် ခန္ဓာကိုယ်အလှူရှင်များ လိုအပ်နေကြောင်း မကွေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန မှ သိရသည်။

ရောဂါဝေဒနာခံစားနေရသူများကို သက်သာပျောက်ကင်းအောင်ကုသရန် ထူးချွန်သောဆရာဝန်များ ပေါ်ထွက် လာရန်လိုအပ်ပြီး ယင်းသို့ပေါ်ထွက်လာစေရန် ဆေးပညာသင်ကြားနေသူများ လေ့လာနိုင်မည့် သက်မဲ့ခန္ဓာ အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

“ကျွန်မတို့ မန္တလေးဆေးကျောင်းတက်တုန်းကတော့ ကျောင်းသား(၁၀)ယောက်ကို ခန္ဓာကိုယ်တစ်ခု လေ့လာ ခွင့် ရတယ်။ အခုမကွေးဆေးတက္ကသိုလ်မှာတော့ အုပ်စု(၈)စုခွဲပြီးတော့ ကျောင်းသား(၃၅)ဦးပါဝင်တဲ့ အုပ်စု တစ်ခုကိုမှ ခန္ဓာကိုယ်တစ်ခုပဲ လေ့လာခွင့်ရပါတယ်။လိုအပ်ချက်တွေ ရှိနေသေးတာပေါ့။ ဒီနှစ်မှာ ပညာ သင်ကြား နေတာက ကျောင်းသားကျောင်း သူ ၂၈၆ဦး ရှိပါတယ်” ဟု ဆေးတက္ကသိုလ် (မကွေး) ၊ ခန္ဓာဗေဒဌာနမှ ကထိက ဒေါက်တာဥမ္မာလှိုင်က ပြောသည်။

ဆေးတက္ကသိုလ်ရှိ ဘွဲ့လွန်နှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအတွက် ရောဂါမရှိသောသူများ၏ ကိုယ်ခန္ဓာအား လေ့လာကြရခြင်းဖြစ်၍ လှူဒါန်းမည့် အလှူရှင်တွင် ကူးစက်တတ်သောရောဂါများဖြစ်သည့် အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ အသဲရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် အခြား ကူးစက်ရောဂါများ ကင်းစင်ရန် လိုအပ်ပြီး ကင်ဆာရောဂါနှင့်သေဆုံးသူ၊ ဖောရောင်ပြီးသေဆုံးသူ၊ အသက် (၁၈)နှစ်အောက်နှင့် အသက်ကြီး လွန်းပြီး ပိန်ချုံးခြောက်ကပ်ပြီးသေဆုံးသူ၊ ခန္ဓာကိုယ်တွင် ပေါက်ပြဲစုတ် ပြတ်၍ ထိခိုက်အနာတရဖြစ်ပြီး သေဆုံး သူမဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

“Dead Body တွေကို ဒုတိယနှစ်မှာ လေ့လာလိုက်ခြင်းအားဖြင့် နောက်ထပ်အတန်းတွေမှာလည်း လေ့လာလို့ ရမယ်။ PG Student ရှိတယ်။ ဒုတိယနှစ်ပြီးသွားလို့ရှိရင် ဥပမာအားဖြင့် ခွဲစိတ်ပညာကိုတတ်မယ်ဆိုရင် ဘွဲ့လွန် အထူးကုတွေလည်း လာရောက်လေ့လာလို့ရတယ်။ ဘွဲ့ကြိုအတွက်ကျ Second Year အတွက်အသုံးကျတယ်။ ဘွဲ့လွန်အတွက်ကျ OG လုပ်မယ်။ ခွဲစိတ်ဆရာဝန်လုပ်မယ် ၊ မျက်စိဆရာဝန်လုပ်မယ်ဆိုရင် လာပြီးလေ့လာ ကြတယ်။ ဒီလှူဒါန်းမှုတွေက ဘွဲ့လွန်အတွက်ရော ၊ ဘွဲ့ကြိုအတွက်ရော အသုံးကျပါတယ် ” ဟု လှူဒါန်းမှု၏ အသုံးဝင်ပုံကို ဒေါက်တာဥမ္မာလှိုင်က ရှင်းပြသည်။

မကွေးဆေးရုံကြီးတွင် ၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ် မေလ ၃ဝရက်နေ့ထိ သက်မဲ့ခန္ဓာလှူဒါန်းသူ (၃၀၅)ဦးအထိ စာရင်းပေးထားမှုရှိကြောင်း၊ ၂၀၁၂ခုနှစ်တွင်(၄)ဦး ၊ ၂၀၁၃ခုနှစ်တွင်(၄)ဦး ၊ ၂၀၁၄ခုနှစ်တွင်(၇)ဦး ၊ ၂၀၁၅ ခုနှစ်တွင်(၁၂)ဦး ၊ ၂၀၁၆ခုနှစ်တွင်(၂၂)ဦး ၊၂၀၁ရခုနှစ်တွင်(၃၂)ဦး ၊ ၂၀၁၈ခုနှစ်တွင်(၁၅၁)ဦး ၊ ၂၀၁၉ခုနှစ် ဇန်နဝါရီလ မှ မေလ(၃၀)ရက်နေ့ထိ (၇၃)ဦးတို့ လှူထားကြောင်း သိရသည်။

“မိမိရဲ့ခန္ဓာနဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းအောင် ၊ ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ လေ့ လာမှုမှာလည်း အထောက်အကူဖြစ်နိုင်အောင် လာရောက်လှူဒါန်းရဖြင်းဖြစ်ပါတယ်။ လှူလိုက်ရတဲ့အတွက် ကုသိုလ်ရမယ် ထင်တယ်။ ပီတိလည်း ဖြစ်မိပါတယ်။ ခန္ဓာကိုယ်ကြီးက သေရင် မြေကြီးထဲရောက်ရင် ရောက် မယ်။ အုတ်ဂူထဲလား ၊ မီးသဂြိုလ် စက်ထဲလား ရောက်ချင်ရောက်မယ်။ သက်မဲ့ခန္ဓာကိုယ်ကို လှူလိုက်တော့ ဆေးပညာအတွက်အထောက်အပံ့ဖြစ်ပြီး ဆရာဝန် တွေရဲ့ ကုသရေးအပိုင်းမှာလည်း အကျိုးရှိနိုင်တာကြောင့် လှူဒါန်းကြစေချင်ပါတယ်” ဟု မေလ(၃၀)ရက်နေ့တွင် (၇၃)ဦးမြောက်အဖြစ် ခန္ဓာကိုယ်လှူဒါန်းသည့် ဦးကျော်စွာဝင်း က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required